Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကမ္ဘာနဲ့ အနီးကပ်ဆုံး အကြီးဆုံး စူပါမွန်းဖြစ်စဉ်ကြီး ယနေ့ညဖြစ်မည်၊မြန်မာနိုင်ငံကတွေ့ရမည်

————————————————————————————–

၂၀၂၅ခုနှစ်၊နိုဝင်ဘာလ၊(၅)ရက်

မြန်မာနိုင်ငံက မြင်တွေ့ရမယ့် နိုဝင်ဘာလပြည့် စူပါမွန်းဖြစ်စဉ် ဒီကနေ့နိုဝင်ဘာ ၅ ရက်ညမှာ ဖြစ်ပေါ်လာဖို့ရှိပြီးပုံမှန်လရဲ့ အရွယ်အစားဟာ ၁၄% ပိုမိုကြီးမား နေမှာဖြစ်ပြီး ၃၀% ပိုမိုတောက်ပနေမှာဖြစ်တယ်လို့ Myanmar Astronomy &Science Enthusiasts Society ကထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၅ ရက်ည ဟာ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးက မြင်တွေ့နိုင်မယ့် ၂၀၂၅ ခုနှစ်ရဲ့ အကြီးဆုံးနှင့် အတောက်ပဆုံး Super Moon ဖြစ်စဉ် ဖြစ်ပေါ်မယ့် လပြည့်ညလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက ယခုနှစ်၂၀၂၅ အတွက် ပထမဆုံးအကြိမ် စူပါမွန်းဖြစ်ပေါ်ခဲ့ပြီး အခု နိုဝင်ဘာလ ၅ရက်နေ့မှာတော့ ဒုတိယမြောက် စူပါမွန်းဖြစ်စဉ် ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာလ ၄ရက်နေ့မှာတော့၂၀၂၅ ခုနှစ်အတွက် နောက်ဆုံးစူပါမွန်းဖြစ်စဉ်ဖြစ်ပေါ်မှာဖြစ်ပါတယ်။

ဒီတစ်ကြိမ် စူပါမွန်းက ဘာကြောင့် အထူးခြားဆုံးလဲဆိုတာက စူပါမွန်း ဖြစ်စဉ်ဆိုတာ လဟာ ကမ္ဘာနဲ့ ပိုမိုနီးကပ်တဲ့ “ပယ်ရီဂျီး (Perigee)” လို့ခေါ်တဲ့ အနီးဆုံးအမှတ်ကို ရောက်ရှိနေချိန်မှာ ဖြစ်ပေါ်လာတဲ့ လပြည့်ဝန်းကို ခေါ်တာဖြစ်ပါတယ်။ လရဲ့ ပတ်လမ်းဟာ ဘဲဥပုံသဏ္ဌာန် (elliptical) ဖြစ်တာကြောင့် ကမ္ဘာနဲ့ အကွာအဝေးဟာ အမြဲတမ်း ပြောင်းလဲနေပြီး ပျှမ်းမျှအားဖြင့် ၂၃၈,၈၅၅ မိုင်ခန့် ဝေးကွာပါတယ်။ မနက်ဖြန် နိုဝင်ဘာ ၅ရက်နေ့မှာတော့ ၂၂၁၇၂၆ မိုင်ခန့်အထိလဟာ နီးကပ်လာမှာဖြစ်ပါတယ်။

ဒီလိုနီးကပ်လာတာကြောင့် မြင်နေကျ လပြည့်ဝန်းတွေထက် လရဲ့ အရွယ်အစားဟာ ၁၄% ပိုမိုကြီးမား နေမှာဖြစ်ပြီး ၃၀% ပိုမိုတောက်ပ နေမယ့် သဘာဝရဲ့ အလှပဆုံးဖြစ်စဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။

အခု နိုဝင်ဘာလ မှာ ဖြစ်ပေါ်မယ့် စူပါမွန်းဟာ ၂၀၂၅ ခုနှစ် အတွင်းမှာ ဖြစ်ပေါ်မယ့် စူပါမွန်းတွေထဲက ကမ္ဘာနဲ့ အနီးကပ်ဆုံး ဖြစ်တဲ့အတွက် အကြီးဆုံးနဲ့ အတောက်ပဆုံး လပြည့်ဝန်း ဖြစ်လာမှာပဲဖြစ်ပါတယ်။

မြန်မာ့ ပြက္ခဒိန်တွေအရတော့ ဒီနေ့ နိုဝင်ဘာလ ၄ရက်နေ့ဟာ လပြည့်ညဖြစ်ပေမယ့် တကယ်တမ်းလပြည့်ညဟာ နိုဝင်ဘာ၅ ရက်နေ့မှ ဖြစ်ပါတယ်။မြန်မာပြက္ခဒိန်တွေနဲ့ အပြင်ကလပြည့်ညက တစ်ရက်ခန့်ကွာခြားတတ်ပါတယ်။လပြည့်ချိန်က နိုဝင်ဘာ ၅ရက်ည ၇:၄၉ မိနစ်မှာလအပြည့်ဆုံးဖြစ်မှာ ဖြစ်ပါတယ်။

စူပါမွန်းဖြစ်စဉ်များ ဟာ အာကာသမိုးကောင်းကင်မှာ ဖြစ်ပေါ်နေကြ ဖြစ်စဉ်များသာ ဖြစ်ပြီးကမ္ဘာပေါ်က လူသားတွေရဲ့ ကံဆိုးကံကောင်းခြင်းဖြစ်စဉ်များနဲ့ သက်ဆိုင်မှုမရှိတဲ့ နက္ခတ်တာရာလေ့လာစရာဖြစ်စဉ်များသာ ဖြစ်ပါတယ်။

မိုးတိမ်တွေကင်းစင်နေမယ်ဆိုရင် လှပတဲ့လပြည့်ဝန်းကြီးကိုစောင့်ကြည့်လေ့လာဖို့အကောင်းဆုံးအချိန်အခါ လည်းဖြစ်တာမို့ လေ့လာစောင့်ကြည့်နိုင်ဖို့ ကြိုတင်အသိပေးထားပါတယ်လို့ Myanmar Astronomy &Science Enthusiasts Society က Soe Pyae Htatရေးသားဖော်ပြထားပါတယ်။

#mercury#mercurynews#supermoon2025#ထူးခြားဖြစ်စဉ်