၂၀၂၆၊ဇန်နဝါရီလ၊၂၂ရက်
အမေရိကန်သမ္မတထရမ့်က ဂရင်းလန်းဒေသကို အင်အားသုံးသိမ်းပိုက်ပြီး ထိန်းချုပ်သွားမှာမဟုတ်ဘူးလို့ ကတိပေးခဲ့သလို ဥရောပရှစ်နိုင်ငံကို အခွန်တိုးမြှင့် စည်းကြပ်မယ့် အစီအစဉ်ကိုလည်း ရုပ်သိမ်းလိုက်ကြောင်း ထုတ်ပြောခဲ့ပါတယ်။
ထရမ့်က “ကျွန်တော်တို့အနေနဲ့ ဘယ်သူမှ တားဆီးလို့မရနိုင်တဲ့ ကျွန်တော်တို့ရဲ့ အင်အားနဲ့ စွမ်းအားတွေကို အလွန်အကျွံ သုံးဖို့ မဆုံးဖြတ်သရွေ့တော့ ဘာမှ ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် အဲဒီလို မလုပ်ပါဘူး။ ဒါဟာ အကြီးမားဆုံး ထုတ်ဖော်ပြောကြားချက် ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူတွေက ကျွန်တော် အင်အားသုံးမယ်လို့ ထင်နေကြလို့ပါ။ ကျွန်တော် အင်အားသုံးစရာမလိုပါဘူး။ အင်အားသုံးဖို့လည်း မလိုလားပါဘူး။ အင်အားလည်း သုံးမှာ မဟုတ်ပါဘူး။ အမေရိကန် တောင်းဆိုနေတာက ဂရင်းလန်းလို့ ခေါ်တဲ့ နေရာလေး တစ်ခုပါပဲ”လို့ ဇန်နဝါရီလ ၂၁ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum)မှာ ပြောခဲ့တာပါ။
ဒါ့အပြင် ဥရောပရှစ်နိုင်ငံကို အခွန်တိုးမြှင့် စည်းကြပ်မယ့် အစီအစဉ်ကိုလည်း ရုပ်သိမ်းခဲ့ကာ “ကျွန်တော် ဥရောပကို ချစ်တယ်။ ဥရောပကို ကောင်းစေချင်တယ်။ ဒါပေမဲ့ ဥရောပဟာ လမ်းကြောင်းမှန်ပေါ်ကို ဦးတည်မနေဘူး”လို့လည်း ထရမ့်ကဆိုပါတယ်။
ထရမ့်က ဂရင်းလန်းကို အမေရိကန် လွှဲပြောင်းရယူလိုခြင်းဟာ နေတိုး (NATO)အဖွဲ့ကြီးရဲ့ ခြိမ်းခြောက်မှု မဟုတ်ဘဲ “ဒါဟာ မဟာမိတ်အဖွဲ့ တစ်ခုလုံးရဲ့ လုံခြုံရေးကို ပိုမိုမြှင့်တင်ပေးနိုင်မှာပါ”လို့ လည်း ထုတ်ပြောသွားပါတယ်။
