အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့တို့ဟာ ဂါဇာပဋိပက္ခအတွက် စီစဉ်ထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ရဲ့ ပထမအဆင့်ကို နှစ်ဖက်စလုံးက လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က ကြေညာလိုက်ပါတယ်။
“အစ္စရေးနဲ့ ဟားမတ်စ် နှစ်ဖက်စလုံးဟာ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ရဲ့ ပထမအဆင့်ကို လက်မှတ်ရေးထိုး လိုက်ကြပြီ ဖြစ်တဲ့အတွက် ကျွန်တော် အလွန်ဂုဏ်ယူစွာ ကြေညာအပ်ပါတယ်။ ဒီသဘောတူညီမှုအရ မကြာခင်မှာ ဓားစာခံအားလုံး လွတ်မြောက်လာမှာဖြစ်ပြီး၊ ခိုင်မာပြီး၊ ကြာရှည်ခံမယ့်၊ ထာဝရ ငြိမ်းချမ်းရေးဆီကို ပထမခြေလှမ်းအနေနဲ့ အစ္စရေးက ၎င်းတို့ရဲ့ တပ်ဖွဲ့တွေကို သဘောတူထားတဲ့ နယ်နိမိတ်ဆီ ဆုတ်ခွာသွားမှာ ဖြစ်ပါတယ်။”လို့ ထရမ့်က လူမှုမီဒီယာကနေတစ်ဆင့် အောက်တိုဘာလ ၉ ရက်နေ့မှာ ဂုဏ်ယူစွာ ရေးသားဖော်ပြခဲ့ပါတယ်။
ဒီအပစ်ရပ်သဘောတူညီချက်ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ မှာ ဟားမတ်စ်ရဲ့ တိုက်ခိုက်မှု စတင်ပြီးနောက် နှစ်နှစ်နဲ့ နှစ်ရက် မြောက်နေ့မှာ ထွက်ပေါ်လာတာ ဖြစ်ပြီး ဒီကာလအတွင်း အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့ရဲ့ ကြားဝင်စေ့စပ်သူတွေဟာ အီဂျစ်နိုင်ငံ ရှမ်အယ်လ်ရှိတ်ခ် (Sharm el-Sheikh) မြို့မှာ တွေ့ဆုံဆွေးနွေးပြီး ဂါဇာအပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေးကို ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။
သမ္မတထရမ့်ကတော့ ဒီဖြစ်ရပ်ကြီး ဖြစ်မြောက်လာစေဖို့ လက်တွဲလုပ်ဆောင်ပေးခဲ့တဲ့ ကာတာ၊ အီဂျစ်နဲ့ တူရကီ နိုင်ငံတို့က ကြားဝင်စေ့စပ်သူတွေကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
#mercury#mercurynews#ဂါဇာ#အမေရိကန်#အစ္စရေး#ဟားမက်စ်#သဘောတူညီမှုရ