အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဟာ အစ္စရေးနိုင်ငံကို မသွားရောက်မီမှာ ဂါဇာစစ်ပွဲ အဆုံးသတ်သွားပြီ ဖြစ်ကြောင်းနဲ့ အရှေ့အလယ်ပိုင်းဒေသ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိတော့မယ်လို့ ပြောကြားလိုက်ပါတယ်။
သမ္မတထရမ့်က ဂါဇာစစ်ပွဲဟာ သူဖြေရှင်းပေးခဲ့တဲ့ ၈ ခုမြောက် စစ်ပွဲ ဖြစ်တယ်လို့ ထပ်မံပြောဆိုခဲ့ပြီး၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုနဲ့ သူနဲ့ ထိုက်တန်ပေမယ့် ဆုအတွက် အခုလိုဖြေရှင်းပေးနေတာမဟုတ်ဘူးလို့လည်းပြောပါတယ်။
အစောပိုင်းရထားတဲ့ သဘောတူညီချက်အရ ဟားမတ်စ်အဖွဲ့ဟာ ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ အသက်ရှင်လျက်ရှိတဲ့ ဓားစာခံ ၂၀ ဦး နဲ့ သေဆုံးသွားသူ ၂၈ ဦး ရဲ့ ရုပ်အလောင်းတွေကို ပြန်လွှဲပေးရမှာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် အစ္စရေးဘက်ကလည်း ပြစ်မှုကြီးတွေနဲ့ ထောင်ကျနေတဲ့ ပါလက်စတိုင်းအကျဉ်းသား ၂၅၀ အပါအဝင် ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သမ္မတထရမ့်ဟာ ပါကစ္စတန်-အာဖဂန်နစ္စတန် ပဋိပက္ခကိုလည်း သူကြားသိထားကြောင်းနဲ့ သူ ခရီးစဉ်ကနေ ပြန်လာတဲ့အထိတော့ ဒီကိစ္စကို စောင့်ဆိုင်းရဦးမယ်လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#ထရမ့်#ဂါဇာ