အစ္စရေးက ဂါဇာကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ ပိတ်ဆို့မှုတွေ ပြုလုပ်နေတာကြောင့် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ဩဂုတ် ၉ ရက်နေ့က လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
Support for Palestine Platform အဖွဲ့အစည်းနဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၅ ခုက စီစဉ်တဲ့ ဒီဆန္ဒပြပွဲမှာ ပါလက်စတိုင်းအလံတွေနဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး “လူသတ်သမား အစ္စရေး ပါလက်စတိုင်းမြေက ထွက်သွား” လို့ ကြွေးကြော်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ဘီယာဇစ်ရင်ပြင်ကနေ သမိုင်းဝင် ဟာဂီယာဆိုဖီယာဗလီ အထိ ချီတက်ခဲ့ကြတာပါ။
အစ္စရေးရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ လူသားချင်းစာနာမှုအကျပ်အတည်းတွေ ပိုပြီးဆိုးရွားလာနေပါတယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက တိုက်ပွဲတွေစတင်ခဲ့ချိန်ကစပြီး ပါလက်စတိုင်းတွေ သေဆုံးမှု စုစုပေါင်း ၆၁,၃၆၉ ဦး ရှိလာခဲ့ပြီး၊ ဒဏ်ရာရသူဦးရေကလည်း ၁၅၂,၈၅၀ ဦး အထိ ရှိလာတယ်လို့ ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ အာဟာရချို့တဲ့မှုတွေကြောင့် သေဆုံးရသူတွေလည်း ရှိနေပြီး၊ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ၁၁ ဦး ထပ်မံသေဆုံးခဲ့ကာ စုစုပေါင်း သေဆုံးသူ ၂၁၂ ဦး ရှိနေပြီလို့ သိရပါတယ်။
အစ္စရေးက ၎င်းရဲ့လုံခြုံရေးကက်ဘိနက်ရဲ့ အတည်ပြုချက်နဲ့ ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို အလုံးစုံထိန်းချုပ်တော့မယ်လို့ ဩဂုတ် ၈ ရက်က ကြေညာခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့သလို၊ ဂါဇာမှာ လူသားချင်းစာနာမှုအကျပ်အတည်းတွေ ပိုမိုဆိုးရွားလာစေနိုင်ပြီး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေကို ပျက်ပြားစေမယ်လို့လည်း ဝေဖန်ခံနေရပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#အစ္စရေး#ဂါဇာ