ဆိုက်ဘာရာဇဝတ်မှုများ နှိမ်နင်းရေးအတွက် ပထမဆုံးအကြိမ်အဖြစ် ရေးဆွဲအတည်ပြုထားသော ကုလသမဂ္ဂ စာချုပ်တစ်ရပ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၆၁ နိုင်ငံကျော်တို့က အောက်တိုဘာ ၂၅ ရက်က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
‘ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်း’ (UN Convention on Countering Cybercrime) အမည်ရှိ အဆိုပါစာချုပ်ကို နည်းပညာကုမ္ပဏီအချို့နဲ့ လူ့အခွင့်အရေးအုပ်စုများက ကန့်ကွက်နေသည့်တိုင် ကမ္ဘာ့နိုင်ငံများက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံများရဲ့ သက်ဆိုင်ရာလွှတ်တော်များက အတည်ပြုပြီးမှသာ ကွန်ဗင်းရှင်းဟာ စတင်အာဏာသက်ဝင်မှာဖြစ်ပါတယ်။
ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်ကတော့ နိုင်ငံ ၆၀ ကျော် ပါဝင်လက်မှတ်ရေးထိုးခြင်းကို အရေးကြီးတဲ့ ခြေလှမ်းအဖြစ် ပြောကြားထားပေမယ့် နည်းပညာကုမ္ပဏီများက ကွန်ဗင်းရှင်းကြောင့် ဆိုက်ဘာလုံခြုံရေး သုတေသနပညာရှင်များကို ရာဇဝတ်မှုဖြင့် တရားစွဲဆိုမှုများ ရှိလာနိုင်ကြောင်း သတိပေးထားပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်#ကုလသမ္မဂ#ဆိုက်ဘာ
