————————————————————————————
၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ၊(၂၀)ရက်
ပုဂ္ဂလိကရုပ်ရှင်ရုံငယ်တွေကို လိုင်စင်မရှိဘဲ ပရိုဂျက်တာ၊ TVအသုံးပြုပြီး ဟိုတယ်တည်းခိုခန်းတွေလို အခန်းကန့်ပြီး ဖွင့်လှစ် ပြသပါက တည်ဆဲ ဥပဒေအရ အရေးယူမယ်လို့ ဗီဒီယိုလုပ်ငန်းစိစစ်ကြီး ကြပ်ရေးဗဟိုကော်မတီမှ သတိပေးထုတ်ပြန်လိုက်ပါတယ်။
အဲဒီလိုပြသတာတွေဟာ မလိုလားအပ်တဲ့လူမှုရေးရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နိုင်လို့ ပြသမှုလိုင်စင်တွေကိုချက်ချင်းရုပ်သိမ်းဖို့နဲ့ တရားမဝင်ပြသနေတာတွေကို ရုပ်မြင်သံကြားနဲ့ဗီဒီယိုဥပဒေအရ အရေးယူဖို့တိုင်းနဲ့ပြည်နယ်က ဗီဒီယိုလုပ်ငန်းစိစစ်ကြီး ကြပ်ရေးကော်မတီတွေကိုအကြောင်းကြားထားတယ်လို့ဆိုပါတယ်။
လတ်တလောမှာတော့ ရန်ကုန်၊စမ်းချောင်းမှာ RIO Private Cinema၊ နေပြည်တော်၊ပျဉ်းမနားမှာ The Vibe Mini Cinemaအပါအဝင် အချို့ Private Cinemaတွေက ဆင်ဆာမဲ့ ရုပ်ရှားကားတွေအသုံးပြုပြီး တရားမဝင်ဆက်လက်ဖွင့်လှစ်ထားတာကို စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့လို့ လုပ်ငန်းလိုင်စင်မရှိဘဲ ရုပ်ရှင်ရုံဖွင့်လှစ်ပြသတာ၊ဆင်ဆာမဲ့ ဇာတ်ကားတွေကိုပြသတာတွေဆက်လက်ပြုလုပ်ပါက တည်ဆဲဥပဒေတွေနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
