ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီ (CCDAC) က သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ တာချီလိတ်မြို့နယ်၊ လွယ်စီတုံ (အောက်) ကျေးရွာရှိ မအားမီ (၃၀ နှစ်)ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား (ဒေသကာလပေါက်ဈေး ကျပ်သိန်း ၁၂၀ ခန့်) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူ မအားမီကို ဟောင်လိတ်နယ်မြေရဲစခန်းမှာမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်နေကြောင်း CCDACကထုတ်ပြန်ပါတယ်။