Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယို ထပ်မံဖမ်းဆီးခံရ

၂၀၂၅၊ဇူလိုင်လ၊၁၀ရက်

တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတဟောင်း ယွန်းဆက်ယို (Yoon Suk-yeol) ကို ဇူလိုင် ၁၀ ရက် နံနက်အစောပိုင်းက ဆိုးလ်ဗဟိုခရိုင်တရားရုံးရဲ့ ဖမ်းဝရမ်းအမိန့်နဲ့ ထပ်မံဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း Yonhap သတင်းဌာနက ဖော်ပြပါတယ်။

ဒါဟာ ယွန်းဆက်ယို ပထမအကြိမ် လွတ်မြောက်လာပြီး လေးလအကြာမှာ ပြန်လည်ဖမ်းဆီးခံရတာ ဖြစ်ပြီး အရေးပေါ်စစ်အုပ်ချုပ်ရေးကိစ္စရပ်တွေကို တာဝန်ယူစုံစမ်းစစ်ဆေးနေတဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီဖမ်းဆီးမှုကို ဆောင်ရွက်ခဲ့တာပါ။

ဇူလိုင် ၉ ရက်နေ့ မွန်းလွဲပိုင်းကနေ ညပိုင်းအထိ ၆ နာရီ ၄၀ မိနစ်ကြာ ဖမ်းဆီးမှုမတိုင်မီ စစ်ဆေးမေးမြန်းမှုကို ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် ၁၀ ရက် နံနက် ၂ နာရီ ၇ မိနစ်မှာ ဖမ်းဝရမ်းအမိန့် ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ဖမ်းဝရမ်းထုတ်ပြန်ရတဲ့ အကြောင်းရင်းကတော့ “(သံသယရှိသူ) သက်သေအထောက်အထားတွေကို ဖျက်ဆီးပစ်မှာ စိုးရိမ်လို့” ဖြစ်တယ်လို့ တရားရုံးက ထုတ်ပြန်ထားပါတယ်။

ယွန်းဆက်ယိုဟာ စစ်ဆေးမေးမြန်းမှုအတွင်း စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပြီး၊ စစ်ဆေးမေးမြန်းမှု ပြီးဆုံးပြီးနောက် ဆိုးလ်အချုပ်စခန်းကို ပို့ဆောင်ခံခဲ့ရသလို တရားရုံးက ဖမ်းဆီးဖို့ ခွင့်ပြုလိုက်တာနဲ့အမျှ အဲ့ဒီနေရာမှာပဲ ဆက်လက်ထိန်းသိမ်းခံခဲ့ရပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဇူလိုင် ၆ ရက်နေ့က ရာထူးအာဏာအလွဲသုံးစားလုပ်မှုစတဲ့ သံသယတွေနဲ့ ယွန်းဆက်ယိုကို ဖမ်းဆီးဖို့ တရားရုံးမှာ ခွင့်ပြုချက်တောင်းခံခဲ့တာဖြစ်သလို ယွန်းဆက်ယို ဖမ်းဆီးခံရပြီးနောက်မှာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ သူ့ကို အကြာဆုံး ရက်ပေါင်း ၂၀ အထိ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဖမ်းဝရမ်းလျှောက်လွှာမှာ ဖော်ပြထားတဲ့ ပြည်တွင်းဆူပူသောင်းကျန်းမှုဆိုင်ရာ သံသယတွေဟာ အစိုးရရှေ့နေရုံးနဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအဆင့်မှာ အတိုင်းအတာတစ်ခုအထိ အတည်ပြုပြီးဖြစ်တာကြောင့်၊ နောက်ပိုင်းစုံစမ်းစစ်ဆေးမှုတွေဟာ ယွန်းဆက်ယိုရဲ့ အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာဖို့ အကြောင်းပြချက်အတွက် မြောက်ကိုရီးယားမြို့တော် ပြုံယမ်းကို ဒရုန်းတွေ ကျူးကျော်စေလွှတ်ပြီး မြောက်ကိုရီးယားကို ရန်စခြင်းမှာ ပါဝင်ပတ်သက်တဲ့ ပြည်ပအန္တရာယ်ဆိုင်ရာ သံသယတွေအပေါ် အာရုံစိုက်မယ်လို့ ခန့်မှန်းရပါတယ်။

#mercury#mercurynews#ကိုရီးယား#နိုင်ငံတကာသတင်း#ယွန်းဆက်ယို