ရုရှားသမ္မတ ဗလာဒီမာ ပူတင် က အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် နိုဘယ်လ်ငြိမ်းချမ်းရေးဆု မရရှိခဲ့ခြင်းအပေါ် ဆုရွေးချယ်ရေးကော်မတီကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ ထရမ့်ကစာ ဆုရသင့်သူဖြစ်ကြောင်း ပြောဆိုခဲ့တဲ့ ဗီဒီယိုကို သမ္မတ ထရမ့်က သူပိုင်တဲ့ Truth လူမှုကွန်ရက်ပေါ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။
ပူတင်ဟာ တာဂျစ်ကစ္စတန်နိုင်ငံကို ရောက်ရှိစဉ်မှာ “နိုဘယ်လ်ဆုနဲ့ ပတ်သက်လို့ ဘာမှ အလေးထားစရာ မလိုတော့ပါဘူး။ ကမ္ဘာကြီးအတွက် ဘာမှလုပ်မပေးသူတွေကို ဆုပေးဖို့ အဲဒီကော်မတီက ဆွေးနွေးခဲ့ကြတာပါ” လို့ ဗီဒီယိုထဲမှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် “ထရမ့်ကသာ နှစ်ပေါင်းများစွာ၊ ဒါမှမဟုတ် ဆယ်စုနှစ်နဲ့ချီ ကြာလာခဲ့ပြီဖြစ်တဲ့ အင်မတန် ရှုပ်ထွေးလှတဲ့ ပြဿနာတွေကို အဖြေရှာပေးနေတာပါ” လို့ ထရမ့်ဘက်က ရပ်တည်ပြောဆိုခဲ့ပါတယ်။
အိမ်ဖြူတော် ပြင်ပဆက်ဆံရေး ဒါရိုက်တာ Steven Cheung ကလည်း X လူမှုကွန်ရက်မှာ “နိုဘယ်လ်ကော်မတီဟာ ငြိမ်းချမ်းရေးထက် ဘက်လိုက်မှု ရှိတယ်” လို့ ရေးသားခဲ့ပြီး ထရမ့်ဟာ စာနာစိတ်ထားရှိသူဖြစ်သလို “အများအကျိုး ဆောင်ရွက်ချင်တဲ့ ပြင်းပြတဲ့ စိတ်စွမ်းအင်မျိုး သူကလွဲလို့ တခြားသူ ဘယ်သူ့မှာမှ မရှိဘူး” လို့ ချီးကျူးခဲ့ပါတယ်။
နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီကတော့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီးနား မာချာဒို (María Corina Machado) ကို ဆုရှင်အဖြစ် ရွေးချယ်ကြောင်း ကြေညာခဲ့ပါတယ်။
ကော်မတီက ဗင်နီဇွဲလားလူထုအတွက် တရားမျှတမှုနဲ့ ငြိမ်းချမ်းစွာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီလမ်းကြောင်းဆီ ဆောင်ကြဉ်းပေးနိုင်ခဲ့တဲ့ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ချီးမြှင့်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
#mercury#mercurynews#ထရမ့်#ပူတင်#ငြိမ်းချမ်းရေး#နိုဘယ်ဆု