ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ် ရာထူးမှ နုတ်ထွက်ပေးရန် ထိုင်းပြည်သူများက ယနေ့ ဇွန်လ ၁၉ ရက်မှာ အစိုးရအိမ်တော်ရှေ့ ဆန္ဒပြတောင်းဆိုနေကြကြောင်း ထိုင်းသတင်းဌာနများမှာ ဖော်ပြထားပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ် နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) တို့ရဲ့ ဖုန်းပြောဆိုမှု မှတ်တမ်း ပေါက်ကြားလာပြီးနောက် ထိုင်းနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကျောင်းသားနှင့် ပြည်သူ့ကွန်ရက် (PDRC) အဖွဲ့က ဦးဆောင်၍ ထိုင်းပြည်သူများက ဆန္ဒပြနေခြင်း ဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ ဝန်ကြီးချုပ်ဟာ တိုင်းပြည်လုံခြုံရေးအတွက် အပေးအယူလုပ်ခဲ့တယ်လို့ စွပ်စွဲကာ သူ ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုနေကြကြောင်း ဖော်ပြထားတာပါ။
ဆန္ဒပြပွဲများ ဖြစ်ပွားနေသော်လည်း ဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်ဟာအစိုးရအိမ်တော်မှာ ကျင်းပခဲ့တဲ့ လုံခြုံရေးအစည်းအဝေးသို့ တက်ရောက်လာခဲ့ပါတယ်။ အစိုးရအိမ်တော်အနီး လမ်းတစ်လျှောက်ကို ထိုင်းရဲတပ်ဖွဲ့က ပိတ်ဆို့ထားပြီး အစိုးရအိမ်တော်ထဲသို့ ဝင်ရောက်နိုင်ခြင်းမရှိစေရန် အတားအဆီးများစွာ ချထားတာကို ဓာတ်ပုံမှတ်တမ်းများအရ တွေ့ရပါတယ်။
လက်ရှိမှာ ထိုင်းပြည်သူများအနေနဲ့ တိုင်းပြည်ကာကွယ်ရေးအတွက် စည်းလုံးညီညွတ်ကြရန်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့တစ်ခုလုံး နုတ်ထွက်ရန် ညွန့်ပေါင်းပါတီအားလုံးကိုပါ ဆန္ဒပြသူများက တောင်းဆိုထားပါတယ်။
ဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က အသံဖိုင်ပေါက်ကြားမှုအတွက် ပြည်သူများအားလုံးကို တောင်းပန်ကြောင်းနှင့် နိုင်ငံတော်လုံခြုံရေးအတွက် အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း ယနေ့ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားပါတယ်။
#Mercury#mercurynews#ထိုင်း#ဝန်ကြီးချုပ်#ဆန္ဒပြ