ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသများမှာ စစ်ရေးတင်းမာမှုများ မြင့်တက်လာပြီးနောက် နှစ်နိုင်ငံအကြား ဗီဇာမူဝါဒများကို တင်းကျပ်လိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ယခင်က ရက် ၆၀ ခွင့်ပြုခဲ့တဲ့ ဧည့်ဗီဇာသက်တမ်းကို နှစ်နိုင်ငံစလုံးအတွက် ၇ ရက်အထိ လျှော့ချလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ဇွန် ၉ ရက်နေ့က ဘန်ကောက်မြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ပါတယ်။
မစ္စတာ Nikorndej ရဲ့ ပြောကြားချက်အရ ဗီဇာသက်တမ်း ကန့်သတ်ချက်များဟာ နယ်စပ်အခြေအနေများ တိုးတက်လာမှသာ ပြန်လည်ဆွေးနွေးမှာဖြစ်ပြီး မည်မျှကြာမြင့်မည်ကို လက်ရှိအချိန်မှာ မပြောနိုင်သေးကြောင်း သိရပါတယ်။ “ဒီအခြေအနေက နှစ်နိုင်ငံကြား ဘယ်လောက်ကြာကြာ သတ်မှတ်ထားသင့်လဲဆိုတာ နှစ်ဘက်စလုံးက မသတ်မှတ်ရသေးပါဘူး။ နယ်စပ်တင်းမာမှု အခြေအနေတွေ တိုးတက်လာတဲ့အခါမှသာ ဗီဇာသက်တမ်းတိုးခြင်း ပေါ်လစီတွေကို ပြန်ဆွေးနွေးနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုအချိန်မှာတော့ ပြောလို့မရသေးပါဘူး” လို့ သူက ပြောပါတယ်။
ထိုင်းလုံခြုံရေးအာဏာပိုင်များက ကမ္ဘောဒီးယားနယ်စပ်ရှိ ကာစီနိုလောင်းကစားရုံများနှင့် လူကုန်ကူးဂိုဏ်းများတည်ရှိရာ ဒေသများကို လျှပ်စစ်နှင့် အင်တာနက်ဖြတ်တောက်ရန် အမျိုးသားလုံခြုံရေးကောင်စီသို့ အဆိုပြုထားကြောင်းလည်း မစ္စတာ Nikorndej က ပြောပါတယ်။ ထိုင်းနိုင်ငံဘက်မှ ကာစီနိုလောင်းကစားရန် သွားရောက်သူများနဲ့ ကုန်ပစ္စည်းပို့ဆောင်မှုများကိုလည်း ထိန်းချုပ်ကန့်သတ်မှုများကို ပြုလုပ်ထားတာကို တွေ့ရပါတယ်။
#mercury#mercurynews#ထိုင်း#ကမ္ဘောဒီးယား#အာဆီယံ