Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုများဖြင့် စွပ်စွဲခံရသော ထိုင်းဘဏ္ဍာရေး ဒုတိယဝန်ကြီး ရာထူးမှ နုတ်ထွက်

၂၀၂၅၊အောက်တိုဘာလ၊၂၃ရက်

ထိုင်းအစိုးရရဲ့ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဗိုရာပက် တန်ညာဝန် (Vorapat Tanyawong) ဟာ နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုများ (ကျားဖြန့်) နဲ့ ပတ်သက်နေတယ်ဆိုသော စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက်မှာ ရာထူးမှ နုတ်ထွက်သွားကြောင်း သိရပါတယ်။

အသက် (၆၁) နှစ်အရွယ်ရှိ ဒုဝန်ကြီး ဗိုရာပက် နဲ့ ဇနီးတို့ဟာ ဒေသတွင်း ငွေလိမ်လည်လုပ်ငန်းများအတွက် ငွေကြေးခဝါချမှုနဲ့ သံသယရှိတဲ့ ရာဇဝတ်ကွန်ရက်တစ်ခုမှာ ပါဝင်ပတ်သက်နေတယ်လို့ အတိုက်အခံများက စွပ်စွဲခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားအခြေစိုက် နိုင်ငံဖြတ်ကျော် လိမ်လည်မှုကွန်ရက်များနှင့် ဆက်နွှယ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ထိုင်းနိုင်ငံရေးသမား ၇ ဦးအနက် ၁ ဦးအဖြစ် မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။

ဒုဝန်ကြီး ဗိုရာပက်က စွပ်စွဲချက်များကို ပြင်းထန်စွာ ငြင်းဆိုခဲ့သော်လည်း အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတာဝန်များကို အနှောင့်အယှက် မဖြစ်စေရန်အတွက် ဝန်ကြီးအဖွဲ့မှ နုတ်ထွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အမှားလုပ်ထားတာမရှိပါဘူး။ မှားယွင်းတဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေသူတွေကို ဥပဒေအရ အရေးယူသွားမှာပါ”လို့ ဒုဝန်ကြီး ဗိုရာပက်ကပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း ထိုင်း၊ မြန်မာ၊ လာအို နဲ့ ကမ္ဘောဒီးယား နယ်စပ်ဒေသများဟာ အွန်လိုင်းငွေလိမ်လည်လုပ်ငန်းများရဲ့ အချက်အခြာနေရာများ ဖြစ်လာခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ အဆိုပါ လိမ်လည်မှုစင်တာများမှာ လူကုန်ကူးခြင်းကနေ အဓမ္မစေခိုင်းခံရသူများကတစ်ဆင့် ဒေါ်လာဘီလီယံနှင့်ချီပြီး ဝင်ငွေရရှိနေတယ်လို့ သိရပါတယ်။

#mercury#mercurynews#ထိုင်း#ကျားဖြန့်#နုတ်ထွက်#နိုင်ငံတကာသတင်း