နီပေါနိုင်ငံမှာ လူမှုကွန်ရက်ပိတ်ပင်မှုကြောင့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများနဲ့ ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခများကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပြီး နောက်မှာအစိုးရက လူမှုကွန်ရက်ပိတ်ပင်မှုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။
စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့မှာ ထောင်နဲ့ချီတဲ့ လူငယ်များဟာ မြို့တော် ကက်မန်ဒူရှိ လွှတ်တော်အဆောက်အအုံအတွင်းသို့ အတင်းဝင်ရောက်ခဲ့ကြပြီး Facebook နဲ့ YouTube အပါအဝင် ပလက်ဖောင်း ၂၆ ခုကို ပိတ်ပင်ထားတဲ့အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ရုပ်သိမ်းပေးရန်နဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။
နီပေါအစိုးရဟာ ပြီးခဲ့သည့်အပတ်က သတင်းအမှားများ၊ မုန်းတီးမှုဖြစ်စေသော ပြောဆိုမှုများနဲ့ အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရန် ရည်ရွယ်ပြီး လူမှုကွန်ရက်များကို ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။လမ်းပေါ်ထွက်ဆန္ဒပြသူများကတော့ အဆိုပါလုပ်ရပ်ဟာ အစိုးရရဲ့အာဏာရှင်ဆန်သော လုပ်ရပ်ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။
ဆန္ဒပြပွဲများအတွင်း လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး၊ မြို့တော် ကက်မန်ဒူရဲတပ်ဖွဲ့က ဆန္ဒပြသူများကို လူစုခွဲရန်အတွက် မီးသတ်ပိုက်၊ နံပါတ်တုတ်နှင့် ရာဘာကျည်ဆန်များကိုပင် အသုံးပြုခဲ့ပါတယ်။
ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီက အကြမ်းဖက်မှုနှင့် ထိခိုက်မှုများအတွက် “အလွန်စိတ်မကောင်းဖြစ်ရပါကြောင်း” ပြောကြားခဲ့ပြီး၊ အကျိုးစီးပွားအတွက် အဖွဲ့အစည်းများက ဆန္ဒပြပွဲများကို ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
အကြမ်းဖက်မှုများကြောင့် ပြည်ထဲရေးဝန်ကြီး ရာမက်ရှ် လေခက်မှာလည်း ရာထူးမှ နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။
နီပေါနိုင်ငံရဲ့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီး ပရစ်သဗီ ဆူဘာ ဂူရွန်က “မျိုးဆက်သစ် GZ ရဲ့ တောင်းဆိုမှုတွေကို ဖြေရှင်းဖို့” အတွက် လူမှုကွန်ရက်ပိတ်ပင်မှုကို ပြန်လည်ရုပ်သိမ်းရန် အရေးပေါ်ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ပြောထားပါတယ်။
#mercury#mercurynews#နိုင်ငံတကာ#နီပေါ#လူမှုကွန်ရက်