၂၀၂၆၊မတ်လ၊၁၈ရက်
ပူပြင်းတဲ့ နွေရာသီကို ရောက်ရှိလာတာနဲ့လျှပ်စစ်မီး သုံးစွဲမှု မြင့်တက်လာတဲ့အတွက် ယနေ့ မတ်လ ၁၈ ရက်နေ့ကစပြီး နိုင်ငံတစ်ဝန်းရှိ နေရာအချို့၊ အချိန်အချို့မှာ လျှပ်စစ်ဓာတ်အားကို ဝန်အားမျှတအောင် ခွဲဝေဖြန့်ဖြူးသွားမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထားပါတယ်။
အခုလို ဆောင်ရွက်ရတာဟာ မတ်လကနေ ဇွန်လအထိ နွေရာသီကာလအတွင်း လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ် မျှတစွာ ဖြန့်ဖြူးပေးနိုင်ဖို့နဲ့ ဝန်အားမြင့်တက်လာမှုကို ထိန်းသိမ်းနိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။
သဘာဝဓာတ်ငွေ့ရ (LNG) သုံး ဓာတ်အားပေးစက်ရုံတွေကနေ တိုက်ရိုက်လိုင်းနဲ့ ဓာတ်အားပေးနေတဲ့ ဓာတ်အားလိုင်းတွေကိုတော့ ဝန်အားမျှတခွဲဝေမှု မပြုလုပ်ဘဲ စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့နည်းနေတဲ့ကာလမှာ အခုလို ခွဲဝေဖြန့်ဖြူးရတဲ့အပေါ် ပြည်သူတွေကို နားလည်ပေးဖို့နဲ့ လျှပ်စစ်မီးကို စနစ်တကျ ချွေတာသုံးစွဲပေးကြဖို့ ဝန်ကြီးဌာနက မေတ္တာရပ်ခံထားပါတယ်။
