ဖိလစ်ပိုင်နိုင်ငံမှာ အောက်တိုဘာလ ၁၀ ရက်နေ့ တစ်ရက်တည်းအတွင်း အင်အားပြင်း ငလျင်ကြီးနှစ်ခု ဆက်တိုက်လှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်း ၈ ဦးထက်မနည်း သေဆုံးခဲ့ ကြောင်း သိရပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက ဖိလစ်ပိုင်တောင်ပိုင်း၊ မင်ဒါနာအိုကျွန်း ရဲ့ အရှေ့ဘက်ကမ်းလွန် ကီလိုမီတာ ၂၀ ခန့်အကွာမှာ မဂ္ဂနီကျု ၇.၄ အဆင့် အင်အားပြင်း ငလျင်ကြီး စတင်လှုပ်ခတ်ခဲ့ပြီး ပထမငလျင်နဲ့ ၁၀ နာရီခန့်သာ ခြားပြီး ဒုတိယငလျင် လှုပ်ခတ်ခဲ့ရာမှာတော့ နောက်ဆက်တွဲ လှုပ်ခဲ့တဲ့ ငလျင်များထဲက တစ်ကြိမ်မှာ မဂ္ဂနီကျု ၆.၇ အဆင့် အထိ ပြင်းထန်ခဲ့တယ်လို့ ငလျင်တိုင်းတာရေး ပညာရှင်တွေက ပြောပါတယ်။
ဒီငလျင်ကြီးနှစ်ခုဟာ ဖိလစ်ပိုင်အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၉ အဆင့် ငလျင်လှုပ်ပြီး လူ ၇၄ ဦး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နောက်ပိုင်း ၁၁ ရက်အကြာ မှာ ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့ ငလျင်နှစ်ခုကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၈ ဦး ရရှိထားသလို၊ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုတွေ လည်း ရှိခဲ့ပါတယ်။ သေဆုံးသူများထဲမှာ ရွှေတူးဖော်နေစဉ် မြေပြိုလို့ ပိမိခဲ့တဲ့ ရွှေမိုင်းတွင်းလုပ်သား ၃ ဦး ပါဝင်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ပစိဖိတ်မီးကွင်းဒေသ နဲ့ ဆက်စပ်တည်ရှိတာကြောင့် ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏဖြစ်လေ့ရှိပြီး ပျမ်းမျှအားဖြင့် တစ်နှစ်ကို ပြင်းအားအမျိုးမျိုးနဲ့ ငလျင်ပေါင်း ၈၀၀ ဝန်းကျင် လှုပ်ခတ်လေ့ရှိပါတယ်။
#mercury#mercurynews#ငလျင်#ဖိလစ်ပိုင်#နိုင်ငံတကာသတင်း