ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာရှိ ဓနသဟာယဆန်စက်မှာ ယနေ့ (အောက်တိုဘာ ၂၁) ရက် မနက်ပိုင်းက ဘွိုင်လာအိုး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသား (၁) ဦး သေဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ နံနက် ၁၀ နာရီကျော်ခန့်က ဆန်စက်ရှိ ပျက်နေသော ဘွိုင်လာအိုးကို ပြုပြင်ပြီး မီးပြန်ထိုးစမ်းသပ်ရာကနေ မီးပေါင် (Pressure) အလွန်အမင်း တက်လာကာ ပေါက်ကွဲခဲ့ခြင်းဖြစ်ပါတယ်။ဘွိုင်လာအိုးပေါက်ကွဲမှုကြောင့် အသက် (၅၂) နှစ်အရွယ်ခန့်ရှိ ပြုပြင်ရေးသမား အမျိုးသား (၁) ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူအပြင် ဆန်စက်မှ အလုပ်သမားများဖြစ်တဲ့ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦး စုစုပေါင်း (၄) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး အားလုံးကို ဖျာပုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဘွိုင်လာပေါက်ကွဲမှုဖြစ်စဉ်ကို ဖျာပုံခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူများနဲ့ မီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် ဖျာပုံမြို့ပေါ်ရှိ ကရုဏာရှင်လူမှုကူညီရေးအသင်း၊ ရွှေညီကိုများလူမှုကူညီရေးအသင်း၊ ပဲ့တင်သံပရဟိတအသင်းနှင့် ကျုံကူလူငယ်ပရဟိတအသင်းတို့မှ အဖွဲ့ဝင်များ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
#mercury#mercurynews#မှုခင်း#မြန်မာ#ပြည်တွင်းသတင်း