Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဗင်နီဇွဲလားနှင့် တင်းမာမှုများ မြင့်တက်နေချိန် အမေရိကန် F-35 တိုက်လေယာဉ်များ ပွာတိုရီကိုသို့ရောက်ရှိ

ဗင်နီဇွဲလားနိုင်ငံနဲ့ တင်းမာမှုများ မြင့်တက်နေချိန်မှာ အမေရိကန် F-35 တိုက်လေယာဉ် ၅ စင်းဟာ ပွာတိုရီကိုကို ရောက်ရှိလာကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ကာရေဘီယံဒေသမှာ မူးယစ်ဆေးဝါးဂိုဏ်းများကို နှိမ်နင်းရန် စစ်ရေးအင်အား တိုးမြှင့်သွားမယ်လို့ ပြောကြားပြီးနောက်မှာ တိုက်လေယာဉ်များ ရောက်ရှိလာခြင်းဖြစ်ပါတယ်။

F-35 တိုက်လေယာဉ်များ ရောက်ရှိလာခြင်းဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတီ ဟက်ဆက်ချ်က ထိပ်တန်းဗိုလ်ချုပ်ကြီးများနဲ့အတူ ပွာတိုရီကို ကို ရုတ်တရက် လာရောက်လည်ပတ်ပြီးနောက် ထွက်ပေါ်လာတဲ့ နောက်ဆုံးမြင်ကွင်းများဖြစ်ပါတယ်။ပင်တဂွန်(Pentagon) သတင်းတာဝန်ခံကမူ လက်ရှိမှာ အင်အားဖွဲ့စည်းပုံ ပြောင်းလဲမှုများနှင့်ပတ်သက်ပြီး ကြေညာရန်မရှိသေးကြောင်း ပြောထားပါတယ်။

ရိုက်တာ သတင်းဌာနရဲ့ဖော်ပြချက်အရ ထရမ့်အစိုးရဟာ မူးယစ်ဆေးဝါးဂိုဏ်းများကို နှိမ်နင်းဖို့အတွက် F-35 တိုက်လေယာဉ် ၁၀ စင်းကို ပွာတိုရီကိုမှာ ဖြန့်ကျက်ချထားရန် ပြီးခဲ့သည့်သီတင်းပတ်က ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။ ထရမ့်က‌တော့ အခုအစီအစဉ်ဟာ ဗင်နီဇွဲလားမှာ အစိုးရအပြောင်းအလဲအတွက် ရည်ရွယ်ခြင်းမဟုတ်ဘူးလို့ ပြောထားပါတယ်။

ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်စစ်တပ်ဟာ ဗင်နီဇွဲလားက တရားမဝင်မူးယစ်ဆေးများ သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ သင်္ဘောတစ်စီးကို တိုက်ခိုက်ခဲ့ပြီး လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။ ဗင်နီဇွဲလားဘက်က သေဆုံးသူများမှာ မူးယစ်ဆေးမှောင်ခိုသမားများမဟုတ်ဘူးလို့ ပြောထားပါတယ်။

အခုသီတင်းပတ်ကုန်မှာ ဗင်နီဇွဲလားအစိုးရက အမေရိကန် ဖျက်သင်္ဘောတစ်စင်းဟာ စီးပွားရေးဇုန်အတွင်း တူနာငါးဖမ်းသင်္ဘောတစ်စီးကို ၈ နာရီကြာ ကြားဖြတ်ဝင်ရောက်ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။။ အဆိုပါသင်္ဘောပေါ်မှာ အပြစ်မဲ့ငါးဖမ်းသမား ၉ ဦးသာ ပါတယ်လို့ ဗင်နီဇွဲလားက ပြောဆိုခဲ့‌ ပေမယ့်လည်း အမေရိကန်ဘက်က ချက်ချင်းတုံ့ပြန်မှု မပြုလုပ်သေးပါဘူး။

F-35 များဟာ အဆင့်မြင့်ကိုယ်ပျောက်တိုက်လေယာဉ်များဖြစ်ပြီး ဗင်နီဇွဲလားလေတပ်က အသုံးပြုနေသော F-16 လေယာဉ်များကို တိုက်ပွဲဖြစ်ပွားပါက အသာစီးရနိုင်မှာဖြစ်ကြောင်းလည်း သုံးသပ်မှုများ ထွက်ပေါ်နေပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်#ဗင်နီဇွဲလား