Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မရမ်းကုန်းတွင် တို့ဆေးသုံးကာ လုယက်သူတစ်ဦး ဖမ်းဆီးရမိ

၂၀၂၅၊ဇွန်လ၊၁၈ရက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်အတွင်းက စာသင်ကျောင်းများအနီးမှာ တို့ဆေးသုံးကာ ပိုက်ဆံနှင့် ပစ္စည်းများ လုယက်နေသူတစ်ဦးကို မနေ့က ဇွန်လ ၁၇ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

မနေ့က ဇွန်လ၁၇ရက် မွန်းလွဲ ၂ နာရီကျော်အချိန်မှာ စာသင်ကျောင်းများအနီးမှာ တို့ဆေးသုံးကာ လုယက်နေကြောင်း သတင်းရရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့၊အုပ်ချုပ်ရေးမှုးနဲ့ အဖွဲ့က ကင်းပုန်းဝပ်ပြီး စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူမှာ အသက် ၅၆ နှစ်အရွယ် ဦးမြင့်သိန်း ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက်တွင် နေထိုင်သူဖြစ်သူလို့ သိရပါတယ်။ဦးမြင့်သိန်းက ဖုန်းအရောင်းအဝယ် လုပ်ကိုင်နေသူဖြစ်ပြီး စာသင်ကျောင်းအနီးရှိ ကျောင်းသားတစ်ဦးကို တို့ဆေးဖြင့် တို့ရန် စကားပြောနေစဉ် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။

ဖမ်းဆီးရမိသည့် ဦးမြင့်သိန်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ကာ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် နေ့လည်ပိုင်းအချိန်တွင် ဘုရင့်နောင်နယ်မြေရဲစခန်းသို့ ပို့ဆောင်စစ်ဆေးနေကြောင်း သိရပါတယ်။

ဓါတ်ပုံ-DBA

#mercury#mercurynews#မှုခင်း#တို့ဆေး#မြန်မာ#ပြည်တွင်းသတင်း