မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှာ ကျူရှင်မှပြန်လာစဉ် လမ်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ တတိယတန်းကျောင်းသူလေးတစ်ဦးရဲ့ ရုပ်အလောင်းကို ငါးရက်အကြာ ယနေ့နံနက်ပိုင်းမှာ ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသည့်အခြေအနေနဲ့ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၇ ရက်နေ့က မိတ္ထီလာမြို့နယ်၊ ကွက်ငယ်အုပ်စု၊ စံပြဒဟတ်တန်းကျေးရွာတွင် နေထိုင်တဲ့ အဆိုပါ တတိယတန်းကျောင်းသူလေးဟာ ကျူရှင်မှ နေအိမ်သို့ ပြန်လာစဉ် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ပါတယ်။
တတိယတန်းကျောင်းသူလေးရဲ့ ရုပ်အလောင်းကို ယနေ့ ဇွန်လ ၁၁ ရက် နံနက် ၈ နာရီခန့်က စံပြဒဟတ်တန်းကျေးရွာအနောက်ဘက် သုသာန်အနီးမှာ ဆိတ်ကျောင်းနေသူတစ်ဦးက ပုပ်နံ့ထွက်နေသော ဆာလာအိတ်အဖြူရောင်ဖြင့် ထုပ်ပိုးထားတာကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
ဖြစ်စဉ်အား သွားရောက်ကူညီပေးသူတစ်ဦးက “အလောင်းကိုတော့ ဆေးရုံမှာ ပို့ပေးထားလိုက်ပါပြီ။ ပုပ်နေပြီဆိုတော့ သေတာ နည်းနည်းကြာနေပြီလို့ ပြောလို့ရတယ်။ ကလေးနားမှာတော့ နားကပ်ဝတ်ပေးထားတယ်ပြောတယ်။ သူတို့မိသားစုဝင်တွေကလည်း သူတို့ကလေးဖြစ်တယ်လို့ ပြောပါတယ်။ ကလေးကိုင်တဲ့ ကွန်ပါဘူးလည်း အလောင်းနဲ့အတူ တွေ့တယ်”လို့ ပြောပါတယ်။
သေဆုံးခဲ့တဲ့ ကျောင်းသူလေးမှာ မွေးချင်းအစ်မနဲ့ အစ်ကိုရှိပြီး သူမက အငယ်ဆုံးဖြစ်ကာ အဘွားဖြစ်သူနဲ့အတူ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ မိခင်ဖြစ်သူမှာ ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိတွင် ရုပ်အလောင်းအား ဆေးရုံသို့ ပို့ဆောင်ထားပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ထပ်မံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရပါတယ်။
ဓါတ်ပုံ-DBA
#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း#မှုခင်း