———————————————————————————–
၂၀၂၆ခုနှစ်၊မတ်လ၊(၁၈)ရက်
မြန်မာနိုင်ငံကူးလက်မှတ်(Pssport)နဲ့ ပတ်သက်လို့ ‘မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ’ကို မတ် ၁၇ ရက်မှာ ပြဌာန်းလိုက်တယ်လို့ သိရပါတယ်။
ဥပဒေပြဌာန်းချက်မှာ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့အတုပြုလုပ်မယ်ဆိုရင် ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်သလို ပတ်စ်ပို့ကိုငှားရမ်း၊ရောင်းချ၊ပေါင်နှံ၊ဖျက်ဆီးတာတွေအတွက်လည်း ဥပဒေအရအရေးယူသွားမယ်တယ်ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။
ဘယ်သူမဆို မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရမှာ အချက်အလက် အထောက်အထားတွေကို မရိုးမဖြောင့်တဲ့ သဘောနဲ့ဖြစ်စေ၊ လိမ်လည်လှည့်ဖြားလိုတဲ့ အကြံနဲ့ဖြစ်စေ မမှန်မကန် ဖော်ပြမယ်ဆိုရင် အဲဒီသူကို ထောင်ဒဏ်သုံးလကနေ တစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ငါးသိန်းကျပ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအပြင် တရားဝင် ကိုင်ဆောင်ခွင့်ရရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကို အခြားသူတစ်ယောက်ယောက်ကို ရောင်းချတာ၊ ငှားရမ်းတာ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ လွှဲပြောင်းပေးမယ်ဆိုရင် အဲဒီသူကို ထောင်ဒဏ် သုံးလကနေ တစ်နှစ်အထိ ချမှတ်ရမဲ့အပြင် ငွေဒဏ် သုံးသိန်းကျပ်ကနေ ငါးသိန်းကျပ်အထိ ချမှတ်နိုင်တယ် လို့လည်း ပြဋ္ဌာန်းချက်အရသိရပါတယ်။
ဆက်လက်ပြီး မိမိကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကို မရိုးမဖြောင့်တဲ့သဘောနဲ့ လက်ဝယ်ထားတာ၊ အသုံးပြုတာ၊ တစ်ဆင့်ငှားရမ်းတာ၊ ပေါင်နှံတာ၊ ရောင်းချတာ၊ ဖျက်ဆီးတာ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ လွှဲပြောင်းတာ၊ မြန်မာနိုင်ငံကူးလက်မှတ်ကို အတုလုပ်တာ၊ ဆင်တူယိုးမှားပြုလုပ်တာ ဒါမှမဟုတ် အတု ဒါမှမဟုတ် ဆင်တူယိုးမှား ပြုလုပ်ထားတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကို ရောင်းချတာတွေ ပြုလုပ်မယ်ဆိုရင်လည်း အဲဒီသူကို ထောင်ဒဏ် တစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ရမဲ့ပြင် ငွေဒဏ် ၁၀ သိန်းကျပ်ကနေ ကျပ် ၁၅ သိန်းအထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းချက်မှာ ဖော်ပြပါရှိပါတယ်။
ဒီ့အပြင် သက်တမ်းရှိနေတဲ့ သာမန်နိုင်ငံကူးလက်မှတ်ကို တစ်ခုထက်ပိုပြီး လက်ဝယ်ထားတာ ဒါမှမဟုတ် အသုံးပြုတာ၊ ပယ်ဖျက်ထားတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကို အသုံးပြုမယ်ဆိုရင်လည်း အဲဒီသူကို ထောင်ဒဏ် ခြောက်လကနေ ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ရမဲ့အပြင် ငွေဒဏ် ငါးသိန်းကျပ်ကနေ ၁၀ သိန်းကျပ်အထိ ချမှတ်နိုင်တယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။
ဥပဒေအရ ပြည်တွင်းမှာ ဖြစ်စေ၊ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအရ မှတ်ပုံတင်ထားတဲ့ ရေယာဉ်၊ လေယာဉ်နဲ့ စက်တပ်ယာဉ်တစ်ခုခုပေါ်မှာဖြစ်စေ၊ မြန်မာနိုင်ငံသား ဒါမှမဟုတ် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ခွင့်ရရှိသူ ဒါမှမဟုတ် မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရရှိသူက ပြည်ပမှာကျူးလွန်ရင်လည်း စီရင်ပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။
