Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မွန်ပြည်နယ်တွင် ဒူးရင်းသီးနှင့် ကိုကာကိုလာ တွဲစားရာမှ အမျိုးသားတစ်ဦး အစာအဆိပ်သင့်၍ ဆေးရုံတင်ရ

၂၀၂၅၊ဇွန်လ၊၁၆ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းမှာ ဒူးရင်းသီးနှင့် ကိုကာကိုလာ (Coca-Cola) တို့ကို တွဲဖက်စားသုံးရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးကို ဆေးရုံတင်ခဲ့ရကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။

ဇွန်လ ၁၅ ရက် ည ၈ နာရီခန့်က ရေးမြို့နယ်၊ လမိုင်းမြို့၊ မော့ကနင်းကျေးရွာ၊ ကားဆိပ်ရပ်တွင် ဒူးရင်းသီးနှင့် ကိုကာကိုလာကို တွဲဖက်စားသုံးခဲ့တဲ့ အမျိုးသားတစ်ဦးဟာ အစာအဆိပ်သင့်ကာ သွေးများအန်ခဲ့သဖြင့် လမိုင်းဆေးရုံကြီးသို့ ရွှေဟင်္သာလူမှုကူညီရေးအသင်းမှ ကူညီပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “လိုင်းပေါ်မှာတော့ လူတွေ၊ ဦးဇင်းတွေ စားပြနေတာတွေ ရှိတယ်။ တည့်တဲ့သူတွေအတွက်ကတော့ ဘာမှမဖြစ်ပေမယ့် မတည့်သူတွေကတော့ ဖြစ်တယ်။ အစားအသောက်ကို ဆင်ခြင်ပြီး စားသင့်တယ်။ သေတာမသေတာက နောက်မှဖြစ်တာ။ ခုလိုဖြစ်ရင် အရင်ဆုံး စားတဲ့သူပဲ ခံရတာ”လို့ပြောပါတယ်။

ကျန်းမာရေးပညာရှင်တွေရဲ့ အဆိုအရ ဒူးရင်းသီးဟာ အာဟာရဓာတ် ကြွယ်ဝပေမယ့် ကျန်းမာရေးဆိုးကျိုးတွေဖြစ်တဲ့ လေပွခြင်း၊ အစာအိမ်အောင့်ခြင်း၊ အော့အန်ခြင်း၊ အချို့သူများတွင် ဓာတ်မတည့်ခြင်း၊ ဒူးရင်းသီးစေ့စားမိပါက အသက်ရှူမဝခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် တွဲဖက်မစားသင့်တဲ့ အရာများနဲ့ စားသုံးမိပါကလည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားပါတယ်။

#mercury#mercurynews#မြန်မာ#အစာအဆိပ်သင့်#ပြည်တွင်းသတင်း