၂၀၂၅၊ဩဂုတ်လ၊၇ရက်
ယာယီသမ္မတ ဦးမြင့်ဆွေ ဟာ ဩဂုတ် ၇ ရက်နေ့၊ မနက် ၈ နာရီ ၂၈ မိနစ်ခန့်ကက အမှတ်(၂) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀) မှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဦးမြင့်ဆွေဟာ ဆေးကုသမှုခံယူနေစဉ်အတွင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ဖို့အတွက် ယာယီသမ္မတတာဝန်ဝတ္တရားတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂ ရက်နေ့က လက်မှတ်ရေးထိုး လွှဲပြောင်းပေးခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေဟာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၁၅) ဆင်းဖြစ်ပြီး၊ တပ်မတော်မှာ အမှတ် (၁၁) ခြေမြန်တပ်မမှူး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်၊ စစ်ထောက်ချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ စစ်ဘက်ရာထူးက အနားယူခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယသမ္မတ (၁) နဲ့ ယာယီသမ္မတတာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။