အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ယူကရိန်းနိုင်ငံဟာ “သူ့ရဲ့မူလပုံစံအတိုင်း ယူကရိန်းတစ်ခုလုံးကို အနိုင်ပြန်ရနိုင်တယ်” လို့ ပြောလိုက်ပြီး ရုရှား-ယူကရိန်းစစ်ပွဲအပေါ် သူ့ရဲ့ရပ်တည်ချက်မှာ သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခုကို ပြခဲ့ပါတယ်။
ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်ပေါ်မှာ ဥရောပနဲ့ နေတိုးတို့ရဲ့ ထောက်ပံ့မှုအပြင် ရုရှားအပေါ် စီးပွားရေးဖိအားများကြောင့် ယူကရိန်းဟာ “စစ်ပွဲမစတင်မီက မူလနယ်နိမိတ်များကို” ပြန်လည်ရယူနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ယခင်က ထရမ့်ဟာ စစ်ပွဲကို အဆုံးသတ်လိုကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး ယူကရိန်းအနေနဲ့ နယ်မြေအချို့ကို စွန့်လွှတ်ရဖွယ်ရှိကြောင်း သတိပေးခဲ့ဖူးပါတယ်။
ယခုပြောကြားချက်ဟာ ထရမ့်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားပြီးနောက် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးနှင့် တွေ့ဆုံဆွေးနွေးမှုအပြီး ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ထရမ့်က ယူကရိန်းဟာ “ထိုထက်ပင် ပိုမိုအောင်မြင်နိုင်သည်” ဟု ရေးသားခဲ့ပါတယ်။ သို့ပေမယ့် ၂၀၁၄ ခုနှစ်မှာ ရုရှားက သိမ်းပိုက်ခဲ့သည့် ခရိုင်းမီးယားကျွန်းနှင့်ပတ်သက်တာမျိုးတော့ မှတ်ချက်ပေးခြင်းမရှိခဲ့ပါဘူး။
ထရမ့်ဟာ သူ့ရဲ့ရပ်တည်ချက်ပြောင်းလဲရခြင်းမှာ “ယူကရိန်း-ရုရှား စစ်ရေးနှင့် စီးပွားရေးအခြေအနေကို သိရှိနားလည်ပြီးနောက်” ဖြစ်တယ်လို့ပြောခဲ့ပြီး”ပူတင်နဲ့ ရုရှားဟာ စီးပွားရေးပြဿနာကြီးကြီးမားမားနဲ့ ရင်ဆိုင်နေရပြီး ဒါဟာ ယူကရိန်းအတွက် လုပ်ဆောင်ဖို့ အချိန်ကောင်းပဲ” ဟု ပြောကြားခဲ့ပြီး ရုရှားကို “စက္ကူကျား” အဖြစ် တံဆိပ်ကပ်ခဲ့ပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#ရုရှား#ယူကရိန်း#ထရမ့်