၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၉)ရက်
လာမယ့် အောက်တိုဘာ ၁ ရက်ကစပြီး ရုပ်ရှင်အစည်းအရုံးဝင်ထားတဲ့ ၊လျှောက်ထားဆဲဖြစ်တဲ့ သရုပ်ဆောင် အနုပညာရှင်၊အတတ်ပညာရှင်တွေပါဝင်တဲ့ ဇာတ်ကားတွေသာ ရိုက်ကူးခွင့်နဲ့ ဆင်ဆာကြည့်ရူခွင့်ထောက်ခံချက်ပေးတော့မယ်လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက သြဂုတ်လ(၈)ရက်မှာအသိပေးထားပါတယ်။
အဲဒီလိုဆောင်ရွက်ရာမှာ ရုံတင်ရုပ်ရှင်ကားတွေ၊ ဇာတ်ကားများ၊ဇာတ်လမ်းတွဲ၊ တေးသီချင်း တွေသာမက ဗီဒီယိုဇာတ်လမ်း၊တေးသီချင်းဗီဒီယို၊မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်းတိုရိုက်ကူးရာမှာ လည်း လိုက်နာကြရမှာဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ရုပ်ရှင်နဲ့ ဆက်စပ်လုပ်ငန်း လိုင်စင်တွေ လျှောက်ထားတဲ့အခါ ထောက်ခံချက်ပေးတာတွေ ဆောင်ရွက်နေတာဖြစ်ပြီး ရုံတင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲ၊ ဗီဒီယိုဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို စတာတွေ ရိုက်ကူးတဲ့အခါမှာလည်း ရိုက်ကူးခွင့်ပေးတာ ဆင်ဆာကြည့်ရှုပေးဖို့ ဆင်ဆာအဖွဲ့ကို ထောက်ခံတင်ပြတာတွေကိုလည်း နိုင်ငံတော် တည်ဆဲဥပဒေတွေ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဖွဲ့စည်းပုံ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ရတာဖြစ်တယ်လို့ဖော်ပြပါရှိပါတယ်။