အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ယူကရိန်းသမ္မတ ဇလန်စကီးအပါအဝင် ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေး အပြီးမှာ ရုရှားနဲ့ ယူကရိန်း ငြိမ်းချမ်းရေး ရရှိနိုင်မယ့် ဖြစ်နိုင်ခြေတွေရှိကြောင်း၊သမ္မတပူတင်နဲ့ သမ္မတ ဇလန်စကီးတို့ တွေ့ဆုံဖို့ အတွက် နေရာတခု သတ်မှတ်ရေး အပါအဝင် စီစဉ်မှုတွေ စတင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ထရမ့်ရဲ့ ထုတ်ပြန်ချက်မှာ “ရုရှားနဲ့ ယူကရိန်း ငြိမ်းချမ်းရေး ရရှိနိုင်မယ့် ဖြစ်နိုင်ခြေ အပေါ် အားလုံးက အလွန်ပျော်ရွှင် နေကြပါတယ်။
အစည်းအဝေး ပြီးဆုံးချိန်မှာ ကျွန်တော်က သမ္မတပူတင်ကို ဖုန်းခေါ် ခဲ့ပြီး သမ္မတပူတင်နဲ့ သမ္မတ ဇလန်စကီးတို့ တွေ့ဆုံဖို့ အတွက် နေရာတခု သတ်မှတ်ရေး အပါအဝင် စီစဉ်မှုတွေ စတင်ခဲ့ပါတယ်။
အဲဒီလို တွေ့ဆုံမှု ဖြစ်မြောက်ပြီးရင် သမ္မတနှစ်ဦးနဲ့ အတူ ကျွန်တော် အပါအဝင် သုံးပွင့်ဆိုင် အစည်းအဝေး တခု ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒါက လေးနှစ်နီးပါး ကြာမြင့်နေပြီဖြစ်တဲ့ စစ်ပွဲတခုအတွက် အလွန်ကောင်းမွန်တဲ့၊ အစောပိုင်း ခြေလှမ်း တခုပဲ ဖြစ်ပါတယ်။ “လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။
မနေ့က ဩဂုတ်လ ၁၈ရက် မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇလန်းစကီး၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ ဖင်လန်သမ္မတ အလက်ဇန်းဒါး စတပ်ဘ်၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ၊ ဂျာမနီ ဖက်ဒရယ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ် မာ့ဇ်၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လေယန် နဲ့ နေတိုးအတွင်းရေးမှူးချုပ် မာ့ခ် ရုတေးတို့ဟာ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်#ရုရှား#ယူကရိန်း