၂၀၂၅၊ဩဂုတ်လ(၂)ရက်
ရုရှားသမ္မတဟောင်း ဒမက်ထရီ မက်ဗီးရေးဒက်ဗ် ရဲ့ “အလွန်အမင်း ရန်စလှုံ့ဆော်တဲ့ မှတ်ချက်တွေ” ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဟာ အမေရိကန် နျူကလီးယားရေငုပ်သင်္ဘော နှစ်စင်းကို “သင့်လျော်တဲ့နေရာမှာ ပြောင်းချထားဖို့” အမိန့်ပေးခဲ့ကြောင်း သြဂုတ်လ ၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
သမ္မတထရမ့်ဟာ ၎င်းရဲ့ Truth Social လူမှုမီဒီယာပလက်ဖောင်းမှာ ရေးသားရာမှာ “ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီရဲ့ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်တဲ့ ရုရှားသမ္မတဟောင်း ဒီမက်ထရီ မက်ဗီးရေးဒက်ဗ်ရဲ့ အလွန်အမင်း ရန်စလှုံ့ဆော်တဲ့ မှတ်ချက်တွေအပေါ် အခြေခံပြီး နျူကလီးယားရေငုပ်သင်္ဘော နှစ်စင်းကို သင့်လျော်တဲ့ ဒေသတွေမှာ နေရာချထားဖို့ ကျွန်တော် အမိန့်ပေးခဲ့ပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။
၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ရုရှားသမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ မက်ဗီးရေးဒက်ဗ်က ထရမ့်ဟာ “ရုရှားနဲ့ ရာဇသံဂိမ်းပြိုင်ပွဲ ကစားနေတယ်” လို့ ဒီအပတ်အစောပိုင်းက စွပ်စွဲခဲ့ပါတယ်။
မက်ဗီးရေးဒက်ဗ်ဟာ X လူမှုကွန်ရက်ပေါ်က ပို့စ်တစ်ခုမှာလည်း “ရာဇသံအသစ် တစ်ခုချင်းစီဟာ ခြိမ်းခြောက်မှုတစ်ခုစီ ဖြစ်ပြီး၊ စစ်ပွဲဆီကို ဦးတည်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ကြာသပတေးနေ့က Telegram မှာ ရေးသားရာမှာ “သေဆုံးလက်” (dead hand) ဆိုပြီး ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတိပေးခဲ့ပါတယ်။ စစ်ရေးသုံးသပ်သူတွေက ဒါဟာ ရုရှားတို့ရဲ့ လျှို့ဝှက်နျူကလီးယား တန်ပြန်တိုက်ခိုက်မှု ထိန်းချုပ်ရေးစနစ်ကို ရည်ညွှန်းတာလို့ နားလည်ခဲ့ကြပါတယ်။
သမ္မတထရမ့်က “ဒီမိုက်မဲပြီး ရန်စလှုံ့ဆော်တဲ့ မှတ်ချက်ဟာ စကားသက်သက်ထက် ပိုခဲ့ရင်ဆိုတဲ့ အခြေအနေကြောင့်” အခုလို ရေငုပ်သင်္ဘောတွေ နေရာရွှေ့ရတာလို့ ပြောပါတယ်။ “စကားလုံးတွေက အလွန်အရေးကြီးပြီး မရည်ရွယ်ဘဲ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်တယ်” လို့လည်း ပြောကြားခဲ့ပါတယ်။ သို့ပေမယ့် အမေရိကန်စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းအရ ရေငုပ်သင်္ဘောနှစ်စင်းကို ဘယ်နေရာမှာ ချထားတယ်ဆိုတာကိုတော့ ထရမ့်က ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
သမ္မတ ထရမ့်က နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို ရည်ညွှန်းတာလား၊ ဒါမှမဟုတ် နျူကလီးယားလက်နက် တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေကို ရည်ညွှန်းတာလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ပြောကြားခြင်း မရှိပါဘူး။ သောကြာနေ့ နှောင်းပိုင်း သတင်းထောက်တွေကို ပြောကြားရာမှာတော့ ထရမ့်က “ခြိမ်းခြောက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ဒါဟာ သင့်တော်တဲ့ လုပ်ရပ်လို့ ကျွန်တော်တို့ မယူဆပါဘူး။ ဒါကြောင့် ကျွန်တော် အရမ်းကို သတိထားရပါမယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဒီလိုလုပ်တာပါ။ ရုရှားသမ္မတဟောင်းတစ်ယောက်က ခြိမ်းခြောက်ခဲ့ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကို ကျွန်တော်တို့ ကာကွယ်သွားပါမယ်” လို့ ဆိုခဲ့ပါတယ်။
ရုရှားနဲ့ အမေရိကန်တို့ဟာ ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် အများဆုံးပိုင်ဆိုင်ထားပြီး နှစ်နိုင်ငံစလုံးမှာ နျူကလီးယားရေငုပ်သင်္ဘောအုပ်စုတွေ ရှိကြပါတယ်။ ထရမ့်ရဲ့ ထုတ်ပြန်ချက်တွေ ထွက်ပေါ်လာပြီးနောက် ခရမ်မလင်နန်းတော်က လူသိရှင်ကြား မှတ်ချက်ပေးတာမျိုး မရှိသေးပေမဲ့၊ မော်စကိုစတော့ဈေးကွက်မှာတော့ သိသိသာသာ ထိုးကျသွားခဲ့ပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်#ရုရှား