UFC ဖလိုင်းဝိတ်တန်းရဲ့ လက်ရှိချန်ပီယံ Pantoja က က ချင်းဖိုက်တာ Joshua Van ကို သူ့ရဲ့ ချန်ပီယံသက်တမ်းတစ်လျှောက်မှာ အခက်ခဲဆုံးပြိုင်ဘက် ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။ Ariel Helwani နဲ့ အင်တာဗျူးတစ်ခုမှာ Pantoja က ဒီအချက်ကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။
“ချန်ပီယံသက်တမ်းတစ်လျှောက် တွေ့ခဲ့ရတဲ့ ပြိုင်ဘက်တွေထဲမှာ Joshua Van က အခက်ခဲဆုံးပြိုင်ဘက်ဖြစ်လာမယ်လို့ ထင်လား” ဆိုတဲ့ မေးခွန်းကို Pantoja က “သေချာပေါက် ၁၀၀ ရာခိုင်နှုန်း ဖြစ်နိုင်ပါတယ်။ ဒီကောင်လေးက ငယ်ရွယ်တက်ကြွပြီး စိတ်အားထက်သန်မှုအပြည့်၊ ဆာလောင်မှုအပြည့်နဲ့ အချိန်ခဏလေးအတွင်း ဒီနေရာရောက်လာတာကိုပဲ ကြည့်ပါ။ သူမှာ ကျွန်တော်တို့လို ဝိတ်ချတဲ့ ပြဿနာလည်းသိပ်မရှိဘူး။ အဲဒါက တော်တော်လေးကောင်းတဲ့အချက်ပါ။” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
Pantoja က သူတို့ရဲ့ပွဲစဉ်ဟာ ကြမ်းကြမ်းတမ်းတမ်းကြီးဖြစ်ချင်မှဖြစ်မယ်လို့ ဆိုခဲ့ပေမဲ့၊ နည်းဗျူဟာပိုင်းဆိုင်ရာတွေ အပြည့်အဝ မြင်တွေ့ရမယ့်ပွဲမျိုး ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒီလိုတက်သစ်စ လူငယ်ဖိုက်တာလေးနဲ့ တွေ့ဆုံရတာဟာ ဒီဝိတ်တန်းအတွက်လည်း ကောင်းမွန်ပြီး သူ့အနေနဲ့လည်း တော်တော်လေး စိတ်လှုပ်ရှားနေကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။ ဝိတ်တန်းထဲမှာ လူဟောင်းတွေနဲ့ မကျေပွဲတွေပဲ ထပ်ခါတလဲလဲ တွေ့နေရတာကနေ ဒီလို လူငယ်ဖိုက်တာသစ်တွေ တက်လာတာကို Pantoja က ကြိုဆိုနေပုံရပါတယ်။
Face-off ပြုလုပ်ဖို့ Joshua Van ကြိုးဝိုင်းပေါ် တက်လာချိန်မှာ Pantoja က ပုခုံးလေးပုတ်ပြီး ကိုယ့်ညီလေးတစ်ယောက်ကို ကြည့်သလိုမျိုး ကြည့်နေခဲ့တာဟာ ကြည်နူးစရာ မြင်ကွင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
#mercury#mercurynews#UFC#MMA#အားကစား