၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၁၇)ရက်
မြန်မာနိုင်ငံမှာ လာမယ့်ဆောင်းတွင်း စိုစွတ်အေးမြတဲ့ လာနီညာရာသီဥတုဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။
NOAA NWS Climate Prediction Center မှ အောက်တိုဘာလ ၉ ရက်နေ့ထုတ်ပြန်ချက်အရ –
“အစွန်းရောက်ရာသီဥတုအခြေအနေ လာနီညာ (La Niña)”ဖြစ်ပေါ်လျှက်ရှိပြီး ယနေ့မှ စတင်၍ ၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီလအထိ ဆက်လက်ရှိနေနိုင်ကာ၊
၂၀၂၆ ခုနှစ် ဇန်နဝါရီလ မှ စတင်ပြီး ပုံမှန်ရာသီဥတုအခြေအနေ(Neutral)သို့ ပြန်လည်ကူးပြောင်းနိုင်ချေ ၅၅% ရှိကြောင်း ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
လာနီညာဖြစ်ပေါ်သည့်ကာလအတွင်းအအေးပိုပြီး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးအခြေအနေဆိုးရွားတတ်သည့်အတွက် ဂရုစိုက်ပြီး နွေးနွေးထွေးထွေးနေထိုင်ကြပါရန်လည်းဦးဝင်းနိုင်က တိုက်တွန်းထားပါတယ်။
လာနီညာ အစွန်းရောက်ရာသီဥတုအခြေအနေဖြစ်လာသည့်အတွက် မိုးရွာသွန်းနိုင်သည့် အခြေအနေ –
ကမ်းရိုးတန်း/ကမ်းရိုးတန်းအနီး ပြည်နယ်တိုင်းဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှာ
အောက်တိုဘာလ မှ ဒီဇင်ဘာလအထိ –
နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် မိုးပိုမိုရွာသွန်းနိုင်ကြောင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့မှာ အောက်တိုဘာလကုန်အထိ နှစ်စဉ်ရွာသွန်းမြဲခန့်နှင့် ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလများမှာ နှစ်စဉ်ရွာသွန်းမြဲအောက် လျော့နည်းရွာသွန်းနိုင်တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ဖေဖေါ်ဝါရီလအထိ ဧရာဝတီတိုင်းမှအပ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် အနည်းငယ်အအေးပိုနိုင်ပြီး၊
မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် နှစ်စဉ်ဖြစ်မြဲအပူချိန်အောက် ၀.၅°C မှ ၁°C အထိ လျော့နည်းနိုင်(အအေးပိုနိုင်ကြောင်း)
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်ကဲ့သို့ ကုန်းမြင့်ဒေသများတွင် နှစ်စဉ်ဖြစ်မြဲအပူချိန်အောက် လျော့နည်းနိုင် – အအေးပိုနိုင်မည်ဖြစ်ကြောင်းခန့်မှန်းထားတယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#ရာသီဉတု#ပြည်တွင်းသတင်း