၂၀၂၆၊မတ်လ၊၂၃ရက်
အမေရိကန်နဲ့ အစ္စရေး သင်္ဘောတွေ ကလွဲရင် ကျန်တဲ့သင်္ဘောအားလုံးအတွက် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ဖွင့်လှစ်ထားတယ်လို့ ကုလသမဂ္ဂ ရေကြောင်းအေဂျင်စီဆိုင်ရာ အီရန်ကိုယ်စားလှယ်က ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၄၈ နာရီအတွင်း အဲဒီရေလမ်းကြောင်းကို အပြည့်အဝ မဖွင့်ဘူးဆိုရင် အီရန်ဓာတ်အားပေးစက်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ပြီးနောက် အီရန်ဘက်က အခုလို ပြောကြားချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
အမေရိကန်-အစ္စရေးနဲ့ အီရန်အကြားဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း အီရန်တိုက်ခိုက်မယ့်အန္တရာယ်ကြောင့် ကမ္ဘာလုံးဆိုင်ရာစွမ်းအင်အကျပ်အတည်း ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပါတယ်။
ဒါ့အပြင် အမေရိကန်၊အစ္စရေးတို့နဲ့ မပတ်သက်တဲ့ သင်္ဘောတွေအနေနဲ့ တယ်ဟီရန်နဲ့ လုံခြုံရေးဆိုင်ရာ စီစဉ်ညှိနှိုင်းပြီး ရေလက်ကြားတလျှောက် လွတ်လွတ်လပ်လပ် ဖြတ်သန်းခုတ်မောင်းနိုင်တယ်လို့လည်း အတည်ပြုထားပါတယ်။
