၂၀၂၅၊ဇူလိုင်၊၂၃ရက်
ရော့ခ်ဂီတလောကရဲ့ အထင်ရှားဆုံးနဲ့ သြဇာအရှိဆုံး ကမ္ဘာကျော် ဟဲဗီးမက်တယ်လ် ဖခင်ကြီး၊ အသက် ၇၆ နှစ် အရွယ် Ozzy Osbourne ဟာ မနေ့ ဇူလိုင် ၂၂ ရက်နေ့ က ဗြိတိန်နိုင်ငံမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
Ozzy Osbourne ဟာ Black Sabbath ဂီတအဖွဲ့နဲ့အတူ ဟဲဗီးမက်တယ်လ် ဂီတအမျိုးအစားကို စတင်တီထွင်ခဲ့တဲ့ ဗြိတိန်နိုင်ငံ၊ ဘာမင်ဂမ်မြို့က ဂီတသမားကြီးဖြစ်ပြီး မြန်မာ့ရော့ခ်ဂီတလောကကိုပါ လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ မြန်မာ့ရော့ခ်ကာ ဇော်ဝင်းထွဋ် နဲ့ ဟဲဗီးရော့ခ်သမား လေးဖြူ တို့ရဲ့ သီချင်းအတော်များများဟာ Ozzy Osbourne ရဲ့ သီချင်းသံစဉ်တွေကို ကော်ပီယူထားကြတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လေးဖြူရဲ့ “စုန်းမ” သီချင်းဟာ Ozzy Osbourne ရဲ့ “FIRE IN THE SKY” သီချင်းကို ကော်ပီလုပ်ထားတာဖြစ်သလို၊ ဇော်ဝင်းထွဋ်ရဲ့ “ပထမဆု” သီချင်းဟာလည်း Ozzy Osbourne ရဲ့ “Ultimate Sin” သီချင်းကို ကော်ပီလုပ်ထားတာပဲ ဖြစ်ပါတယ်။ မြန်မာ့ရော့ခ်ဂီတအဆိုတော် အတော်များများဟာလည်း သူ့ရဲ့သီချင်းအတော်များများကို ပြန်လည်ကူးယူသီဆိုထားကြတာတွေ ရှိပါတယ်။
Ozzy Osbourne ရဲ့ မိသားစုရဲ့ ထုတ်ပြန်ချက်မှာ “ကျွန်ုပ်တို့ရဲ့ ချစ်လှစွာသော Ozzy Osbourne ဟာ ဒီကနေ့မနက်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း၊ စကားလုံးတွေနဲ့ ဖော်ပြမရနိုင်အောင် ဝမ်းနည်းကြေကွဲမှုတွေနဲ့အတူ ထုတ်ပြန်ရပါတယ်… သူဟာ မိသားစုနဲ့အတူ ချစ်ခြင်းမေတ္တာတွေနဲ့အတူ ရှိသွားခဲ့ပါတယ်…” လို့ ဖော်ပြထားပါတယ်။