အစ္စရေး လုံခြုံရေး အဖွဲ့ဟာ ဂါဇာမြို့ကို ထိန်းချုပ်ရန် အစီအစဉ်များကို ပြန်လည်သုံးသပ်ဖို့အတွက် တနင်္ဂနွေနေ့က အစည်းအဝေးကျင်းပခဲ့ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံတကာဖိအားတွေနဲ့ ပြည်တွင်းမှာ အစ္စရေးလုံခြုံရေးခေါင်းဆောင်တွေရဲ့ မကြုံစဖူး ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဒီအစည်းအဝေးကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟူး နဲ့ ကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ကတ်ဇ် တို့က ဒီလအစောပိုင်းမှာ IDF ရဲ့ အစီအစဉ်တွေကို အတည်ပြုပြီးသားဖြစ်ပေမယ့် အစ္စရေးနိုင်ငံအနေနဲ့ ပြည်တွင်းရော ပြည်ပမှာပါ အရေးကြီးတဲ့ ရက်သတ္တပတ်ကို ရင်ဆိုင်နေရချိန်မှာ ဒီအစည်းအဝေး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အစ္စရေးဟာ စစ်ရေးတင်းမာမှုတွေ တိုးမြှင့်ဖို့ အစီအစဉ်တွေအပြင် လာမယ့်လမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမှု လှိုင်းလုံးတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိတာကြောင့် သံတမန်ရေးအရ တန်ပြန်တိုက်ခိုက်ရေးအစီအစဉ်ကိုပါ ဆွေးနွေးမယ်လို့ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ဒီဆွေးနွေးပွဲကို ဝန်ကြီးချုပ်နေတန်ယာဟူးနဲ့ ကတ်ဇ်၊ ပြီးတော့ လက်ယာစွန်း လုံခြုံရေးဝန်ကြီး အီတာမာဘင်ဂ်ဗီရ် (Itamar Ben-Gvir) အပါအဝင် အဆင့်မြင့်အရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့က ပြုလုပ်မှာပါ။
အစ္စရေးအရာရှိနှစ်ဦးရဲ့ ပြောကြားချက်အရ နေတန်ယာဟူးဟာ West Bank နယ်မြေတစ်ခုလုံးကို သိမ်းပိုက်ခြင်း၊ ရွေးချယ်ထားတဲ့ အခြေချနေထိုင်ရာနေရာအချို့ကို သိမ်းပိုက်ခြင်း ဒါမှမဟုတ် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို အရေးယူပိတ်ဆို့ခြင်း စတဲ့ လုပ်ဆောင်မှုတွေအပေါ် စဉ်းစားနေတယ်လို့ CNNက ဖော်ပြထားပါတယ်။
#Mercury#mercurynews#နိုင်ငံတကာသတင်း#အစ္စရေး#ဂါဇာ