ဇွန်လ ၁၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံမှာ သေဆုံးသူ ၁,၀၆၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အီရန်နိုင်ငံ သူရဲကောင်းများနှင့် စစ်ပြန်ရေးရာဖောင်ဒေးရှင်း (Iran’s Foundation of Martyrs and Veterans Affairs) ရဲ့ အကြီးအကဲ ဆာအိဒ် အိုဟာဒီ (Saeed Ohadi) က ဇူလိုင် ၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
နိုင်ငံပိုင် IRIB ရုပ်မြင်သံကြားနဲ့ မေးမြန်းခန်းမှာ အိုဟာဒီက ပြင်းထန်စွာ ဒဏ်ရာရရှိသူတွေနဲ့ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးတဲ့ ရုပ်အလောင်းတွေကြောင့် ဒီအရေအတွက်ဟာ ထပ်မံတိုးလာနိုင်ဖွယ်ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။
အီရန်အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ အစ္စရေးဟာ ဇွန် ၁၃ ရက်နေ့မှာ အီရန်တစ်နိုင်ငံလုံးက နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာနေရာတွေကို ပစ်မှတ်ထားပြီး အဓိကလေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် အကြီးတန်းစစ်ဘက်ခေါင်းဆောင်တွေ၊ နျူကလီးယားသိပ္ပံပညာရှင်တွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရပြီး လူပေါင်းများစွာလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အီရန်ဘက်ကလည်း အစ္စရေးပိုင်နက်ထဲကို ဒုံးကျည်တွေနဲ့ ဒရုန်းတွေ အကြိမ်ကြိမ် ပစ်ခတ်တုံ့ပြန်ခဲ့ရာမှာ အစ္စရေးဘက်မှာလည်း လူအသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
နှစ်နိုင်ငံကြား ၁၂ ရက်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ဇွန် ၂၄ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။
#mercury#mercurynews#နိုင်ငံတကာ#အပစ်အခတ်#အစ္စရေး