အီရန်-အစ္စရေး ပဋိပက္ခ အထွတ်အထိပ်ရောက်၊ ဒေသတွင်းစစ်ပွဲကြီး ဖြစ်လာနိုင်ခြေရှိနေ
အစ္စရေးနိုင်ငံရဲ့ တဲလ်အဲဗိဗ်မြို့နှင့် ဂျေရုဆလင်မြို့တို့ဟာလည်း ယခုအခါ အီရန်ရဲ့ လက်တုံ့ပြန်ပဲ့ထိန်းဒုံးကျည်တိုက်ခိုက်မှုများကိုရင်ဆိုင်နေကြရပြီဖြစ်ပါတယ်။ယခု ဖြစ်ရပ်ဟာ နှစ်ပေါင်းများစွာ တင်းမာနေခဲ့သော အီရန်နဲ့ အစ္စရေးအကြား ပဋိပက္ခကို အထွတ်အထိပ်ကို ရောက်ရှိစေခဲ့ပြီး ဒေသတွင်း ကြီးမားသော စစ်ပွဲတစ်ခု ဖြစ်လာနိုင်ခြေရှိကြောင်း နိုင်ငံတကာဝေဖန်သုံးသပ်သူများက ပြောနေကြပါတယ်။
မနေ့က ဇွန်လ ၁၃ ရက်နေ့ နံနက်အစောပိုင်းမှာ အစ္စရေးက “နိုးထလာတဲ့ ခြင်္သေ့” စစ်ဆင်ရေးနဲ့ အီရန်ရဲ့ နျူကလီးယားစက်ရုံများ၊ ဒုံးကျည်စခန်းများနှင့် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ပါတယ်။အဆိုပါ တိုက်ခိုက်မှုအပြီး ၁၈ နာရီအကြာမှာ အီရန်က “စစ်မှန်တဲ့ကတိ – ၃” စစ်ဆင်ရေးနဲ့ ဇွန်လ ၁၃ ရက် ညနေပိုင်းမှစတင်ကာ အစ္စရေးသို့ ပဲ့ထိန်းဒုံးကျည် ၁၀၀ ခန့်ဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
အီရန်ခေါင်းဆောင်တွေက အစ္စရေးရဲ့ တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်ပြီး ပြင်းထန်သော ထိုးနှက်မှုများ လုပ်ဆောင်မည်ဟု အခိုင်အမာ ပြောကြားထားပါတယ်။ ဂျေရုဆလင်မြို့မှာ ပေါက်ကွဲသံများ ကြားနေရပြီး တဲလ်အဲဗိဗ်မြို့ကောင်းကင်ယံမှာ ပေါက်ကွဲသံများနှင့်အတူ လင်းလက်နေသည့် အလင်းတန်းများ၊ မီးခိုးလုံးကြီးများ မြင်တွေ့နေရကြောင်း သတင်းများက ဖော်ပြနေကြပါတယ်။
အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှာ လူ ၄၀ ဦး ဒဏ်ရာရရှိကာ ဆေးရုံတင်ခဲ့ရပါတယ်။အစောပိုင်း အစ္စရေးတို့၏ တိုက်ခိုက်မှုမှာ လူ ၇၈ ဦး သေဆုံးခဲ့ပြီး၊ ထိုအထဲတွင် အီရန်စစ်တပ်အရာရှိ ၃ ဦးနှင့် နျူကလီးယားပညာရှင် ၆ ဦးတို့လည်း ပါဝင်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်က အရပ်သားအများစုဖြစ်သည့် လူပေါင်း ၃၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
#mercury#mercurynews#အီရန်#အစ္စရေး#နိုင်ငံတကာသတင်း