Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

AI ရေရှည်မှတ်ဉာဏ်ပြဿနာကို ဖြေရှင်းမည့် “Supermemory” Startupကို ဆယ်ကျော်သက် အိန္ဒိယနိုင်ငံသား ဖန်တီး

၂၀၂၅၊အောက်တိုဘာလ၊၁၁ရက်

AI မော်ဒယ်များရဲ့ ရေရှည် ဆက်စပ်မှတ်ဉာဏ် (long-term continuity) ကန့်သတ်ချက်ကို ကျော်လွှားနိုင်မယ့် Universal Memory API တစ်ခု တည်ဆောက်ရန် ရည်ရွယ်ပြီး Supermemory လို့ခေါ်တဲ့ နည်းပညာ startup တစ်ခုကို အိန္ဒိယနိုင်ငံမှ အသက် ၁၉ နှစ်အရွယ် ဒြာဗရာ ရှား (Dravya Shah)ဆိုတဲ့ လူငယ်က ဖန်တီးလိုက်ပါတယ်။

လက်ရှိမှာ AI မော်ဒယ်အများစုဟာ session တစ်ခုအတွင်း မှာ အချက်အလက်တွေကို ကောင်းကောင်းမှတ်မိနိုင်ပေမယ့်၊ အပြန်အလှန်လုပ်ဆောင်မှုများ ကြာမြင့်လာတာနဲ့အမျှ ဆက်စပ်မှတ်ဉာဏ် (context) ကို ထိန်းသိမ်းထားဖို့ ခက်ခဲလာတဲ့ ပြဿနာ ရှိပါတယ်။ ဒီကန့်သတ်ချက်ဟာ ရေရှည်မှတ်ဉာဏ် လိုအပ်တဲ့ application များ ဖန်တီးရာမှာ အကြီးမားဆုံး အတားအဆီးတစ်ခု ဖြစ်နေပြီး၊ နည်းပညာကုမ္ပဏီကြီးတွေပါ ခေါင်းမီးတောက်နေတဲ့ ပြဿနာတစ်ခုကို ဆယ်ကျော်သက် ရှားက ဖြေရှင်းဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

လက်ရှိ Supermemory ဟာ ပုံစံမကျတဲ့ unstructured data ပုံစံများ (ဖိုင်၊ docs၊ chats၊ ပရောဂျက်၊ အီးမေးလ်၊ PDFs စသည်) ကနေ အချက်အလက်နဲ့ မှတ်ဉာဏ်တွေကို ဆွဲထုတ်ပြီး application များရဲ့ ဆက်စပ်သိနိုင်စွမ်း (context) ကို မြှင့်တင်ပေးနိုင်ဖို့ ကူညီပေးပါတယ်။သူ့ရဲ့ chatbot နဲ့ Notetaker တို့ကလည်း text၊ ဖိုင်၊ လင့်ခ်များ ထည့်သွင်းရန်နဲ့ Google Drive၊ Notion လို apps တွေနဲ့ ချိတ်ဆက်ဖို့ ခွင့်ပြုထားပါတယ်။

ရှားဟာ ပြီးခဲ့တဲ့နှစ်က Cloudflare မှာ Internship ဝင်ခဲ့ပြီးနောက် ၎င်းရဲ့ Supermemory ကို product အဖြစ် ဖော်ဆောင်ဖို့ Cloudflare CTO ဒိန်းနက်ချ် တို့ရဲ့ အကြံပေးမှု ရခဲ့ပါတယ်။ လက်ရှိမှာ Supermemory startup ဟာ Seed Funding ဒေါ်လာ ၂.၆ သန်း ရရှိထားပါတယ်။ ရင်းနှီးမြှုပ်နှံသူများထဲမှာ Venture Capitals အဖွဲ့အစည်းများအပြင် Cloudflare CTO နက်ချ်၊ Google AI အကြီးအကဲ ဂျက်ဖ် ဒင်းန် (Jeff Dean)၊ DeepMind ထုတ်ကုန်မန်နေဂျာ လိုဂန် ကီလ်ပက်ထရစ်၊ Sentry တည်ထောင်သူ ဒေးဗစ် ခရာမာ နဲ့ OpenAI၊ Meta၊ Google ကုမ္ပဏီတွေက အမှုဆောင်များ ပါဝင်ကြပါတယ်။

#mercury#mercurynews#နည်းပညာ#AI#နိင်ငံတကာသတင်း