အမေရိကန်ပြည်ထောင်စုရဲ့ အထင်ကရမြို့တစ်မြို့ဖြစ်တဲ့ လော့စ်အိန်ဂျလိစ် (LA) မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ဖမ်းဆီးမှုတွေကြောင့် ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သမ္မတ ဒေါ်နယ်ထရမ့်က အမျိုးသားအစောင့်တပ် (National Guard) တပ်ဖွဲ့ဝင် ၂,၀၀၀ ကို မြို့တော်ကို စေလွှတ်ဖို့ အမိန့်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်တာကာလအတွင်း LA မြို့မှာ လူအများအပြား ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သမ္မတထရမ့်က ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂယ်ဗင် နယူးဆမ် (Gavin Newsom) နဲ့ LA မြို့တော်ဝန် ကရင် ဘတ်စ် (Karen Bass) တို့ဟာ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နိုင်ခြင်းမရှိဘူးလို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူး နယူးဆမ်နဲ့ မြို့တော်ဝန် ဘတ်စ် နှစ်ဦးစလုံးဟာ ဒီမိုကရက်ပါတီဝင်တွေ ဖြစ်ကြပါတယ်။
အမျိုးသားအစောင့်တပ်ဟာ ပြည်နယ်အခြေစိုက် စစ်တပ်ဖွဲ့တစ်မျိုးဖြစ်ပြီး ဗဟိုအစိုးရရဲ့ အမိန့်ကို အကောင်အထည်ဖော်တဲ့အခါမှာတော့ အမေရိကန်စစ်တပ်ရဲ့ အရန်အင်အားအဖြစ် ဆောင်ရွက်ခွင့်ရှိတာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ LA မြို့ရဲ့ မငြိမ်မသက်မှုတွေကို ထိန်းချုပ်ဖို့အတွက် သမ္မတထရမ့်က အမိန့်ထုတ်ပြီး အမျိုးသားအစောင့်တပ်ကို စေလွှတ်ခဲ့တာပဲဖြစ်ပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်#LA