၂၀၂၆၊စက်တင်ဘာလ၊၈ရက်
တာမွေမြို့နယ်မှာ မနေ့က မိုးရွာသွန်းပြီး ရေကြီးချိန် ရေမြောင်းထဲ ပြုတ်ကျခဲ့တဲ့ ၁၄ နှစ်အရွယ် ကလေးငယ်ကို ယနေ့ ပုဇွန်တောင်ချောင်းမှာ ဆက်လက်ရှာဖွေမှာဖြစ်ကြောင်း သိရပါတယ်။
စက်တင်ဘာ ၇ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တာမွေမြို့နယ်မှာ ရေကြီးရေလျှံမှုဖြစ်ပွားချိန် အဆိုပါကလေးငယ်မှာ သူငယ်ချင်းနှစ်ဦးနဲ့အတူ တာမွေစည်ပင်ဝန်ထမ်းအိမ်ရာဝန်းအနီးရှိ ရေမြောင်းမှာ ရေဆင်းဆော့ရာမှ ရေစီးနှင့်အတူ မျောပါသွားခဲ့တာဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ ကလေးမှာ အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး တာမွေမြို့နယ်၊ ၁၅၄ လမ်းရှိ စည်ပင်ဝန်ထမ်းဝန်းအတွင်း နေထိုင်သူဖြစ်ကာစက်တင်ဘာ ၈ရက် မနက်အစောပိုင်းအထိ ရှာမတွေ့သေးတာဖြစ်ပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါနေရာအနီးရှိ ရေမြောင်းများအား ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ကြောင်း သိရပါတယ်။
