၂၀၂၆၊ဧပြီလ၊၂၀ရက်
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိသူများအနေနဲ့ လိုက်နာရမယ့် စည်းကမ်းချက်များကို လယ်ယာမြေ ဥပဒေ ပုဒ်မ (၁၂) နှင့် (၁၃) အရ သတ်မှတ်ထားပြီးအဆိုပါ စည်းကမ်းချက်များအရ လယ်ယာမြေကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီသာ လုပ်ကိုင်အသုံးပြုရမှာဖြစ်ပြီး သက်ဆိုင်ရာ မြေခွန်နှင့် အခြားအခွန်အခများကိုလည်း ပေးဆောင်ရမည်ဖြစ်ပါတယ်။
ဒါ့အပြင် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ ဆောင်ရွက်ရာမှာ သတ်မှတ်ထားသော တန်ဖိုးနှင့်အညီ တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခများ ပေးဆောင်ကာ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးမှာ မှတ်ပုံတင်ရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အမွေဆက်ခံခြင်းနဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိလာတဲ့အခါမှာလည်း သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ရမှာဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှုအတွက်သာ လယ်ယာမြေကို ပေါင်နှံခွင့်ရှိကာ အစိုးရဘဏ်များ သို့မဟုတ် အသိအမှတ်ပြုဘဏ်များတွင်သာ ပေါင်နှံရမှာ ဖြစ်ပါတယ်။
လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုခြင်း၊ သီးနှံအမျိုးအစား ပြောင်းလဲစိုက်ပျိုးခြင်းများ မပြုလုပ်ရတဲ့အပြင် ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ မြေကို လှပ်ထားခြင်းကိုလည်း ခွင့်မပြုကြောင်း သိရပါတယ်။
