ဒီဇင်ဘာ ၃၀
“လူတွေလက်ထပ်ကြတယ်..ပြီးတော့မပျော်ကြဘူး” ဆိုတဲ့စကားကို ကွယ်လွန်သူမင်းသား “Fast & Furious” ရုပ်ရှင်သရုပ်ဆောင် ပေါလ်ဝေါကာရဲ့သမီးဖြစ်သူ မော်ဒယ်လ် မဲဒိုးဝေါကာကလည်း အတည်ပြုလိုက်ပြန်ပါပြီ။
မဲဒိုးဝေါကာက ခင်ပွန်းဖြစ်သူ လူးဝစ်သွန်တွန်အလန်နဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အင်စတာဂရမ်ကနေ ရုတ်တရက် ကြေညာခဲ့တာကြောင့်ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ၂၀၂၁ အောက်တိုဘာ လက ဒိုမေနီကန်နိင်ငံမှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ပေါလ်ဝေါကာရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Fast & Furious မင်းသားကြီး ဗင်ဒီဆယ်ကိုယ်တိုင် ဖခင်ဖြစ်သူကိုယ်စား မင်္ဂလာပွဲကိုတက်ရောက်ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။
ပေါလ်ဝေါကာရဲ့သမီးဖြစ်သူ မင်္ဂလာပွဲကို သူငယ်ချင်းကိုယ်စား တက်ရောက်ချီးမြှင်ခဲ့တဲ့ ဗင်ဒီဆယ်ရဲ့ ရုပ်ပုံလွှာဟာ ခုချိန်ထိ Fast & Furious ပရိတ်သတ်တွေရဲ့ကြားမှာ ဝမ်းနည်းဝမ်းသာ ခံစားချက်နဲ့ တသသဖြစ်နေကြဆဲဖြစ်ပါတယ်။
သာယာလှတဲ့အိမ်ထောင်ရေး ၊ပျိုမျစ်နုနယ်နေတဲ့ အချစ်တွေလို့ လူတွေထင်ကြေးပေးနေကြတဲ့ မဲဒိုးဝေါကာတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးဟာ ၂နှစ်အကြာမှာ စိတ်မကောင်းဖွယ် ရပ်တန့်သွားခဲ့ရပါပြီ။
ဖခင် ဖြစ်သူ မင်းသားကြီး ပေါလ်ဝေါကာကတော့ ၂၀၁၃ ခုနှစ်မှာ ကားမတော်တဆမှုကြောင့် ကြွေလွင့်ခဲ့ရပြီး ကွယ်လွန်ချိန်မှာ အသက် ၄၀ ပဲ ရှိပါသေးတယ်။
