Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ချက်ချင်း လက်နက်ချလိုက်ဖို့ အီရန်ကို သမ္မတထရမ့် ရာဇသံပေး၊ အီရန်ခေါင်းဆောင် ခါမေနီ က ဘယ်တော့မှ မစေ့စပ်ဘူးလို့ တုန့်ပြန်

၂၀၂၅၊ဇွန်လ၊၁၈ရက်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က အီရန်အား ချွင်းချက်မရှိ လက်နက်ချဖို့ သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ရာဇသံပေးလိုက်ပြီး “ကျွန်ုပ်တို့ရဲ့ သီးခံနိုင်မှုဟာ နည်းလာနေပြီ…” ဟု သတိပေးလိုက်ပါတယ်။ သို့သော်လည်း အီရန်ဘာသာရေးခေါင်းဆောင် အာယာတိုလာ အာလီ ခါမေနီ (Ayatollah Ali Khamenei) ကို ယခုလောလောဆယ်တွင် သ-တ်ဖြတ်မှာ မဟုတ်ဘူးလို့ ထရမ့်က ပြောကြားခဲ့ပါတယ်။ ထရမ့်က ခါမေနီရှိရာနေရာကို အတိအကျသိရှိကြောင်းနဲ့ သူဟာ လွယ်ကူတဲ့ ပစ်မှတ်ဖြစ် ပေမယ့်လည်း လုံခြုံစိတ်ချရကြောင်း မှတ်ချက်ပြုထားပါတယ်။

ထရမ့်၏ ရာဇသံနှင့် ပတ်သက်ပြီး အီရန်ခေါင်းဆောင် ခါမေနီက အီရန်အနေနဲ့ မည်သည့်အခါမျှ စေ့စပ်ညှိနှိုင်းအပေးအယူလုပ်မှာမဟုတ် ဟု ပြောကြားခဲ့ပြီး၊ အစ္စရေးတို့ကို ခွင့်လွှတ်မှာမဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

ဒါ့အပြင် အီရန်အစိုးရထိန်းချုပ်တဲ့ Press TV က အီရန်က အသံထက်မြန်သော Fattah-1 ဒုံးကျည်များဖြင့် အစ္စရေးကို ပစ်ခတ်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အီရန်ရဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ယခုစစ်ဆင်ရေးဟာ “အလှည့်အပြောင်း” (turning point) တစ်ခုဖြစ်မယ်လို့ ဖော်ပြခဲ့ပြီး၊ Fattah ဒုံးကျည် ပထမမျိုးဆက် ချထားလိုက်ခြင်းဟာ အစ္စရေးတို့ရဲ့ ဒဏ္ဍာရီဆန်တဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်များ အဆုံးသတ်ရန် အစဖြစ်ကြောင်း Press TV က သတင်းထုတ်ပြန်ထားပါတယ်။

အီရန်ဘက်က အစ္စရေးနိုင်ငံ တဲလ်အဗိဗ် (Tel Aviv) နဲ့ ဟိုင်ဖာ (Haifa) မြို့များရှိ ပြည်သူများကို ဘေးလွတ်ရာသို့ ထွက်ခွာသွားရန်လည်း သတိပေးထားပါတယ်။

#mercury#mercurynews#Iran#နိုင်ငံတကာသတင်း#အမေရိကန်