ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့နဲ့ ပင်းတယမြို့ သွားရာလမ်းမကြီးပေါ်မှာ မနေ့က ယာဉ်တိုက်မှုတစ်မှု ဖြစ်ပွားခဲ့ပြီး ကားပေါ်ပါလာသူ လူ ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ ဇွန်လ ၁၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်က အောင်ပန်း-ပင်းတယကားလမ်းမပေါ်ရှိ ကြယ်စင်ဟိန်း စက်သုံးဆီအရောင်းဆိုင်အနီးမှာ Crown အမျိုးအစားကားတစ်စီးနဲ့ Bongo အမျိုးအစားကားတစ်စီးတို့ တိုက်မိခဲ့ခြင်းဖြစ်ပါတယ်။
ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာဟာ လမ်းကွေ့တစ်ခုဖြစ်ပြီး၊ Bongo ကားက အခြားကားတစ်စီးကို ကျော်တက်လာချိန်မှာ မိုးရွာထားတာကြောင့် လမ်းစလစ်ဖြစ်ကာ မျက်နှာချင်းဆိုင်မှလာတဲ့ Crown ကားကို ဝင်တိုက်မိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် Bongo ကားပေါ်မှ လူ ၉ ဦးနဲ့ Crown ကားပေါ်မှ ၁ ဦး၊ စုစုပေါင်း လူ ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါတယ်။ ကားပေါ်မှာ ရင်ခွင်ပိုက်အရွယ် ကလေးငယ်တစ်ဦးပါဝင်ခဲ့သော်လည်း ကလေးငယ်မှာ ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူများမှာလည်း အသက်အန္တရာယ် စိုးရိမ်ရသူများ မပါဝင်ဘဲ၊ လူနာအားလုံးကို နာရေးကူညီမှုအသင်း (အောင်ပန်း) မှ အောင်ပန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရပါတယ်။
#mercury#mercurynews#မြန်မာ#ယာဉ်တိုက်မှု#ပြည်တွင်းသတင်း