အီရန်နိုင်ငံရဲ့ တောင်းဆိုမှုအရ ကျင်းပခဲ့ရတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ အီရန်-အစ္စရေးပဋိပက္ခအတွင်း အမေရိကန်က ကြားဝင်ပြီး အီရန်ကို ဗုံးကြဲခဲ့မှုနှင့် ပတ်သက်၍ အထူးဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးမှာတော့ ရုရှား၊ တရုတ်နှင့် ပါကစ္စတန်တို့က အရှေ့အလယ်ပိုင်းမှာ ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ချမှတ်ရန် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံကို တောင်းဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က အမေရိကန်ရဲ့ တိုက်ခိုက်မှုများဟာ”ရှုပ်ထွေးပြီးသားဖြစ်တဲ့ ဒေသတစ်ခုအတွက် အန္တရာယ်အလှည့်အပြောင်း” ဖြစ်ကြောင်း ပြောကြားခဲ့ပြီး “နောက်ထပ်ဖြစ်လာမယ့် ဖျက်ဆီးခြင်းသံသရာ” ကို အဆုံးသတ်ရန် တောင်းဆိုလိုက်ပါတယ်။
အီရန်သံအမတ် Amir Saeid Iravani က အမေရိကန်ရဲ့ လုပ်ရပ်ကို “ပေါ်ပေါ်တင်တင်ကျူးကျော်မှု” ဟု ဝေဖန်ခဲ့ပြီး “အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်နဲ့” တိုက်ခိုက်မှုကို စတင်ခဲ့တာလို့ ဆိုပါတယ်။
ရုရှားသံအမတ် Vasily Nebenzya က အမေရိကန်ဟာ”ပန်ဒိုရာသေတ္တာကို ဖွင့်လိုက်ပြီ” လို့ ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး ဝါရှင်တန်ဟာ “သံတမန်ရေးကို စိတ်ဝင်စားခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်း” မြင်သာစေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
တရုတ်သံအမတ် Fu Cong က တရုတ်အနေနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုများကို “ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချတယ်” လို့ဝေဖန်ပါတယ်။
အထက်ပါ ပြောဆိုချက်တွေကို အမေရိကန်နှင့် အစ္စရေးတို့ ဘက်ကလည်း ပြန်လည်ခုခံချေပခဲ့ပါတယ်။
အမေရိကန်သံတမန် Dorothy Shea က အမေရိကန်ဟာ အစ္စရေးကို ကာကွယ်ရန်နဲ့ အမေရိကန်နိုင်ငံသားများ၊အမေရိကန်ရဲ့အကျိုးစီးပွားများကို ကာကွယ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ဒါ့အပြင်သူက အီရန် နျူကလီးယားလက်နက်ပိုင်ဆိုင်ခြင်းကို တားဆီးရန်အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ် လို့လည်း ဆိုပါတယ်။ “အမေရိကန်ကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး ပစ်မှတ်ထားတုံ့ပြန်ရင် ပြင်းထန်တဲ့ လက်တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်” ဟုလည်း Dorothy Shea က သတိပေးခဲ့ပါတယ်။
အစ္စရေးသံအမတ် Danny Dannon က အီရန်ကို တိုက်ခိုက်မှုအတွက် တစ်ကမ္ဘာလုံးက ထရမ့်ကို “ကျေးဇူးတင်ပါတယ်” ဟု ပြောသင့်ကြောင်း၊ အီရန်ဟာ “ညှိနှိုင်းဆွေးနွေးခြင်းကို ပြဇာတ်တစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့တယ်” လို့ သူက စွပ်စွဲသွားခဲ့ပါတယ်။
#mercury#mercurynews#အမေရိကန်#အီရန်#အစ္စရေး#ကုလ