ထိုင်းတော်ဝင်ကြည်းတပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်း ဆူဗာရီ (Maj. Gen. Winthai Suvaree) က ဘူရီရမ်ခရိုင်ရှိ ချောင်ဆိုင်းတာကူ (Chong Sai Taku) နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တနင်္ဂနွေနေ့ (ဇွန်လ ၂၂ ရက်) က ပိတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
ယခုလို လုပ်ဆောင်မှုဟာ ဒေသတွင်းစစ်ဘက်ယူနစ်များက ပြည့်စုံတဲ့ လုံခြုံရေးအကဲဖြတ်မှုအပေါ် အခြေခံပြီး ဂရုတစိုက်စဉ်းစားဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ် ဝင်းထိုင်း ဆူဗာရီက ပြောပါတယ်။ မကြာသေးမီက ထောက်လှမ်းတွေ့ရှိချက်များအရ ကမ္ဘောဒီးယားတပ်ဖွဲ့များ၏ လှုပ်ရှားမှုနှင့် စစ်ဘက်သုံးပစ္စည်းများ တိုးမြှင့်ချထားမှုများဟာ နယ်စပ်တစ်လျှောက် နေရာအနှံ့မှာ များပြားလာနေတာကို တွေ့ရသောကြောင့် အနီးအနားရှိ ထိုင်းအရပ်သားပြည်သူများရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့တယ်လို့ သူက ပြောကြောင်း The Nation Thailandက ဖော်ပြပါတယ်။
နယ်စပ်ဂိတ်ပိတ်လိုက်ခြင်းက ထိုင်းအစိုးရရဲ့ နယ်စပ်လုံခြုံရေးမူဝါဒနှင့် ကိုက်ညီပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေစီမံခန့်ခွဲမှုအဖွဲ့ (Thai-Cambodian Border Situation Management Taskforce) က ချမှတ်ထားသည့် လမ်းညွှန်ချက်များအတိုင်းဖြစ်ကြောင်းလည်း သိရပါတယ်။ အဆိုပါအဖွဲ့ဟာ ထိုင်းနိုင်ငံရဲ့ နယ်စပ်နှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများကို စုစည်း ညှိနှိုင်းဆောင်ရွက်ရန်အတွက် ဗဟိုယန္တရားအဖြစ် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။
#mercury#mercurynews#ထိုင်း#ကမ္ဘောဒီးယား#နိုင်ငံတကာသတင်း