ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-တောင်ကြီး ကားလမ်းမပေါ်က သရက်ပုကျေးရွာ၊ သရက်ပုကျေးလက်ကျန်းမာရေးရုံးရှေ့အနီးမှာ သမီးရည်းစား ခိုးပြေးလာတဲ့ စုံတွဲမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ကားတစ်စီးက တိုက်မိခဲ့ရာ ဇနီးလောင်းဖြစ်သူ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၂၄ ရက် ည ၈ နာရီဝန်းကျင်က မော်တော်ယာဉ်တစ်စီးဟာ အရှိန်လွန်ကာ ဆိုင်ကယ်စီးလာတဲ့ စုံတွဲကို တိုက်မိခဲ့ခြင်းဖြစ်ပါတယ်။ ဆိုင်ကယ်နောက်မှာ လိုက်ပါလာတဲ့ အမျိုးသမီးဟာ ကားနှင့် ပေ ၃၀ ခန့်အထိ ချိတ်ဆွဲပါသွားခဲ့ရာမှ သေဆုံးခဲ့ရတယ်လို့ ကူညီပေးသူတစ်ဦးက ပြောပါတယ်။
ခိုးပြေးလာကြတဲ့ စုံတွဲအနက် ဇနီးလောင်းဖြစ်သူ အမျိုးသမီးမှာ သေဆုံးသွားခဲ့ပြီး အမျိုးသားကတော့ ရင်ဘတ်အောင့်ကာ လက်များ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်ကို တိုက်မိခဲ့တဲ့ မော်တော်ယာဉ်ရဲ့ ယာဉ်မောင်းဟာ ကားကိုထားကာ ထွက်ပြေးလွတ်မြောက်နေဆဲလို့ သိရပါတယ်။ ဒဏ်ရာရရှိသူ အမျိုးသားကို အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းကို ဆေးရုံရဲ့ ရင်ခွဲရုံဆီ ပို့ဆောင်ပေးထားကြောင်း သိရပါတယ်။
#mercury#mercurynews#ပြည်တွင်းသတင်း#မြန်မာ #မှုခင်း