Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဘင်္ဂလားဒေ့ရှ်ဂျက်လေယာဉ်ပျက်ကျပြီးလူ(၂၀)ဦးသေဆုံး၊ (၁၇၁)ဦးထိခိုက်ဒဏ်ရာရမှုစုံစမ်းစစ်ဆေးမှုစတင်

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၂၂)ရက်

ဇူလိုင်လ(၂၁)ရက်က ဒါကာမြို့တော်မှာ ဘင်္ဂလားဒေ့ရှ် လေတပ်ပိုင် ဂျက်လေယာဉ်တစ်စင်း Milestone School and College ကျောင်းဝင်းထဲ ပျက်ကျခဲ့တာကြောင့် စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ လူ (၂၀) ဦး သေဆုံးခဲ့ တယ်လို့ CNNသတင်းဌာနမှ သိရပါတယ်။

လက်ရှိမှာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေဟာ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

ဒါဟာ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်မတော် တဆမှုတွေထဲမှာ အဆိုးဆုံး ဖြစ်ပါတယ်။
ဖြစ်စဉ်ဖြစ်ပွားတဲ့ နေရာကိုတော့ လူအများအပြား အပြေးအလွှား ရောက်ရှိလာခဲ့ကြပြီး၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက မီးခိုးတွေထွက် နေတဲ့ လေယာဉ်ပျက် အပိုင်းအစတွေကို မီးငြှိမ်းသတ်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ဒီမတော်တဆမှုဟာ ဒါကာမြောက်ပိုင်း Diabari ရပ်ကွက်မှာရှိတဲ့ အဲဒီကျောင်းဝင်းထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ လူ ၁၇၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်တပ်ဖွဲ့က ပြောပါတယ်။


ဒဏ်ရာရရှိသူအများစုကတော့ ကျောင်းသားတွေဖြစ်ပြီး မြို့တော်ဆေးရုံတွေ မှာ ဆေးကုသမှု ခံယူနေရတယ်လို့ စစ်တပ်က ပြောကြားခဲ့ပါတယ်။
ပျက်ကျခဲ့တဲ့ လေယာဉ်ရဲ့ လေယာဉ်မှူးဟာ လူဦးရေထူထပ်တဲ့ နေရာတွေကို ရှောင်ရှားပြီး လူနေကျဲပါးတဲ့ နေရာဘက်ကို လေယာဉ်ကို ဦးတည်လှည့် ထုတ်ဖို့ အစွမ်းကုန် ကြိုးပမ်းခဲ့တယ်လို့ စစ်တပ်က ပြောကြားခဲ့ပါတယ်။


ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး The Associated Press သတင်းမှာတော့ အသက်ပေးသွားရတဲ့သူတွေထဲမှာ အဲဒီလေယာဉ်မှူးလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။