ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်မှာ မသန်စွမ်းသမီးအရင်းကို အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်နှစ်ကြိမ်အထိ ဖျက်ချခိုင်းခဲ့တဲ့ ဖခင်ဖြစ်သူကို စက်တင်ဘာလ ၈ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
ပထမအကြိမ်မှာ သမီးဖြစ်သူဟာ ဖခင်ရဲ့အဓမ္မပြုကျင့်မှုကြောင့် ကိုယ်ဝန်ရရှိခဲ့ကာ ဖျက်ချခဲ့ရပြီး၊ ဖြစ်စဉ်ပေါက်ကြားပါက မိသားစုဝင်အားလုံးကို သတ်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့သောကြောင့် မိခင်အပါအဝင် ဘယ်သူ့ကိုမှမပြောရဲခဲ့ကြောင်း သက်ဆိုင်သူများက ထွက်ဆိုထားပါတယ်။
ဖခင်ဖြစ်သူဟာ ဒုတိယအကြိမ် ထပ်မံအဓမ္မပြုကျင့်ခဲ့တာကြောင့် ကိုယ်၀န်ထပ်ရခဲ့ပြီး ယင်းကိုယ်ဝန်ကို ဖခင်ဖြစ်သူက ဖျက်ချခိုင်းကာ သမီးဖြစ်သူရဲ့ ဝမ်းဗိုက်ကို တက်နင်းကာ ကန်ခဲ့သောကြောင့် သွေးဆင်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါအမှုကို မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများထံ တိုင်ကြားခဲ့ပြီးနောက် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရန် သွားရောက်ခဲ့ရာ ထွက်ပြေးခဲ့ပေမယ့် ပတ်ဝန်းပြည်သူများ၏အကူအညီနဲ့ အခြားအိမ်တစ်အိမ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်ခံရသူ အသက် ၂၆ နှစ်အရွယ် မသန်စွမ်းအမျိုးသမီးဟာ မိသားစုမှာ အကြီးဆုံးသမီးဖြစ်ပြီး ညီမတစ်ဦးနှင့် မောင်နှစ်ဦး ရှိကြောင်း သိရပါတယ်။ ပြစ်မှုကျူးလွန်သူဖခင်ကို မအူပင်ရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုထားပြီး စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရပါတယ်။
#mercury#mercurynews#မှုခင်း#ပြည်တွင်းသတင်း#မြန်မာ