Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဂျော့ဂျီယာပြည်နယ်က ခွင့်မပြုသဖြင့် Jake Paul vs. Gervonta Davis ပွဲစဉ် ဖလော်ရီဒါသို့ ပြောင်းရွှေ့


အမေရိကန် နာမည်ကျော် လက်ဝှေ့သမား Jake Paul နဲ့ လက်ရှိ လိုက်ဝိတ်ချန်ပီယံ Gervonta Davis တို့ရဲ့ လက်ဝှေ့ပွဲဟာ မူလစီစဉ်ထားတဲ့ ဂျော်ဂျီယာပြည်နယ်ကနေ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့ သို့ ပြောင်းရွှေ့ကျင်းပတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့ မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။


အဆိုပါပွဲဟာ မူလက ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ဂျော်ဂျီယာပြည်နယ် အားကစားကော်မရှင်ဥက္ကဋ္ဌ Rick Thompson က ခွင့်မပြုခဲ့ပါဘူး။ Thompson က “ပရိသတ်စိတ်ဝင်စားမှု များတယ်ဆိုရုံနဲ့ ဝိတ်တန်းကွာခြားလွန်းတဲ့ ဒီလိုပွဲမျိုးကို ခွင့်မပြုနိုင်ဘူး။ ဒါဟာ အားကစားမဟုတ်ဘဲ စီးပွားရေးသက်သက်ပဲ ဖြစ်နေတယ်” လို့ ပြောထားပါတယ်။


Jake Paul ဟာ ယခင်က Mike Tyson နဲ့ ထိုးသတ်စဉ်မှာ ဟဲဗီးဝိတ်တန်း (၂၂၇ ပေါင်) နဲ့ ထိုးသတ်ခဲ့သူဖြစ်ပြီး၊ Gervonta Davis ကတော့ ပုံမှန်အားဖြင့် လိုက်ဝိတ်တန်း (၁၃၅ ပေါင်) ချန်ပီယံ ဖြစ်တာကြောင့် သူတို့နှစ်ဦးကြားမှာ ပေါင် ၉၀ ကျော် အလေးချိန် ကွာဟနေပါတယ်။


လက်ဝှေ့သမားတွေအနေနဲ့ အားကစားကော်မရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ပွဲထိုးခွင့်မရှိတာကြောင့် ဂျော်ဂျီယာအားကစားကော်မရှင်ရဲ့ ခွင့်မပြုမှုကြောင့် ပွဲစီစဉ်သူတွေဟာ တည်နေရာကို ပြောင်းလဲခဲ့ရတာဖြစ်ပါတယ်။ ဖလော်ရီဒါအားကစားကော်မရှင်က ဒီပွဲကို ခွင့်ပြုမပြုဆိုတာကိုလည်း ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


ဒီပွဲကို Jake Paul ပိုင်ဆိုင်တဲ့ Most Valuable Promotions (MVP) က စီစဉ်တာဖြစ်ပြီး၊ Netflix ကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။


၂၀၂၅ ခုနှစ်အစောပိုင်းမှာ Jake Paul ဟာ ကမ္ဘာကျော်လက်ဝှေ့သမား Canelo Alvarez နဲ့ ထိုးသတ်ဖို့ စီစဉ်ခဲ့ပေမယ့်၊ ပွဲမစခင် ကြေညာမိခဲ့တာကြောင့် Canelo Alvarez နဲ့ ပွဲစီစဉ်သူ Turki Al-Sheikh တို့အကြား လေးပွဲစာချုပ် ချုပ်ဆိုခဲ့ပြီး ပွဲဖျက်သိမ်းခဲ့ရပါတယ်။ ဒီအခြေအနေကြောင့် Jake Paul ဟာ အခုလက်ရှိ Gervonta Davis နဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။