(၅)ကြိမ်မြောက် တရုတ်-အာဆီယံကျန်းမာရေး ဖိုရမ်မှာ မြန်မာပါဝင်တက်ရောက်ပြီး ဆွေးနွေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှသိရပါတယ်။
ဖွင့်ပွဲမှာ ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးက အခုနှစ်ဖိုရမ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ Health For Common Development in the Age of Digital Intelligence ဟာတရုတ်နဲ့အာဆီယံနိုင်ငံတွေရှိ ပြည်သူတွေရဲ့လူမှုဘဝနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေဖို့အတွက် တိုးတက်ပြောင်းလဲလာသော နည်းပညာကဏ္ဍရဲ့ အရေးပါမှုအား ပိုမိုထင်ဟပ်စေကြောင်း၊ဉာဏ်ရည်တုနည်းပညာ(AI) အသုံးပြုပြီး အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့အကြား ကျန်းမာရေးသတင်းအချက် အလက်များ ဖလှယ်ခြင်း၊ ပူးပေါင်းဆေးကုသမှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဝေးလံခက်ခဲသော ဒေသများတွင် နေထိုင်သူများအတွက် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုရရှိနိုင်မှာဖြစ် တယ်လို့ဆိုပါတယ်။
(AI) နည်းပညာဖြင့် လူနာမှတ်ပုံတင်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ဆေးကုသမှုများ ဆောင်ရွက်ခြင်းနဲ့ ဆေးမှတ်တမ်းထိန်းသိမ်းခြင်းတွေကို ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုပါကြောင်း၊ အပြန်အလှန် နည်းပညာနှင့် လုပ်ငန်းအတွေ့အကြုံဖလှယ်ခြင်းများ ပိုမိုဆောင်ရွက်စေလိုပါကြောင်း ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်။
အဲဒီ့နောက် Health Industry Development Sub-Forum ကို ဆက်လက်ကျင်းပရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနန္ဒဝင်းက “Intellli-gently steering the health industry building a new Health Silk Road” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထက်လင်းက “Health care services in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ဆွေးနွေးကြတယ်လို့သိရပါတယ်။