ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှာ ငွေကျပ် သိန်း ၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီ (CCDAC) မှ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ အင်းစိန်မြို့နယ်၊ မြို့သစ် (က/ခ) ရပ်ကွက်၊ (က/၄) လမ်းမှာ လမ်းလျှောက်လာသူ ဝင်းထွန်းအောင်(ခ)နောင်နောင် ကို စစ်ဆေးရှာဖွေခဲ့ရာမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြား (ဒေသပေါက်ဈေး ကျပ်သိန်း ၅၀၀ ခန့်) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိသူ ဝင်းထွန်းအောင်(ခ)နောင်နောင် (၃၃ နှစ်) ကို အင်းစိန်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များကိုလည်း ဆက်လက်ဖော်ထုတ်နေကြောင်း သိရပါတယ်။
#mercury#mercurynews#မြန်မာ#မူးယစ်ဆေးဝါး#မှုခင်း#ပြည်တွင်းသတင်း