အီလွန်မတ်စ် (Elon Musk) ပိုင်ဆိုင်တဲ့ SpaceX ကုမ္ပဏီက မြန်မာနိုင်ငံရှိ ‘ကျားဖြန့်လုပ်ငန်း’ များမှာ အသုံးပြုနေတဲ့ Starlink ဂြိုဟ်တုအင်တာနက် ဆက်သွယ်ရေးကိရိယာ (၂,၅၀၀) ကျော်ကို အဆက်အသွယ် ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
Starlink လုပ်ငန်းရဲ့ အကြီးအကဲ Lauren Dreyer က အခုလို လုပ်ဆောင်ရခြင်းက ချိုးဖောက်မှုများကို တွေ့ရှိရတာကြောင့်ဖြစ်ပြီး X (ယခင် Twitter)မှာ “မြန်မာနိုင်ငံမှာ… သံသယရှိတဲ့ ‘လိမ်လည်မှုစင်တာတွေ’ အနီးတဝိုက်ရှိ Starlink ၂၅၀၀ ကျော်ကို SpaceX က ဖော်ထုတ်ပြီး ပိတ်ပစ်ခဲ့တယ်”လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှာ ကျားဖျန့်စခန်းပေါင်း (၃၀) ကျော် လည်ပတ်နေတယ်လို့ ယူဆရပြီး၊အဆိုပါနေရာများကတစ်ဆင့် ကမ္ဘာတစ်ဝန်းက လူများကို လိမ်လည်ခေါ်ယူကာ အတင်းအဓမ္မ ခိုင်းစေခြင်းနဲ့ နှစ်စဉ် ဒေါ်လာ ဘီလီယံနှင့်ချီ ဝင်ငွေရရှိနေကြတာဖြစ်ပါတယ်။